ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ အပိုင်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေတာရှည်မြို့နယ်၊ဆွာမြို့ မြစ်အရှေ့ဘက် ကျေးရွာတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပိတောက်ကုန်း၊ စည်ပိုင်း၊ ရှမ်းစု ၊ ဆွာရွာမ ၊ ကူးတို့ဆိပ်ကျေးရွာများ ဗုံးများ ထိမှန်ကြောင်း၊ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူလည်းများပြားပြီး ပေါင်ပြတ်သွားသူများလည်း ပါဝင်ကြောင်း သိရှိရသည်။
“စည်ပိုင်းကျေးရွာမှာ ကလေး ၃ ဦးသေတယ်။ မိန်းမတစ်ယောက်ပေါင်တစ်ဖက်ပြတ်သွားတယ်။ ပိတောက်ကုန်းမှာက လူကြီး ၁ ဦးသေတယ်။ တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ သေတာ။ ၃ ဦးဒဏ်ရာရတယ်။ ကူးတို့ဆိပ်ကျေးရွာမှာလည်း အသေအပျောက်နဲ့ ထိခိုက်မှုရှိတယ်။ စာရင်းမရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက ကျေးရွာများအတွင်းသို့ ဗုံးများ ဆက်တိုက်ကျဲချနေခြင်းကြောင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ – ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ကလေး ၁ ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar