TNLA က သိမ်းပိုက်ရရှိထားသော မြို့နယ် ၇ ခုတွင် ၂၀၂၅ နှစ်သစ်အတွင်း လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင် ရွက်သွားမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ရရှိထားသော မြို့နယ် ၇ ခုတွင် ၂၀၂၅ နှစ်သစ်အတွင်း လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။
ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့ အထိ တအာင်းတပ်မတော် စစ်ဌာန ချုပ်၌ ကျင်းပခဲ့သည့် PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး နှစ်ပတ်လည် အစည်းအဝေး အပြီး ထိုသို့ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက 1027 စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိခဲ့သည့် မြို့ ၇ မြို့ အပါအဝင် TNLA တပ်မတော် အခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပိုမို တိုးတက်ကောင်းမွန်လာစေရန် ဦးဆောင်စီမံ အုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာပြည်သူ လူထု တရပ်လုံး အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို စုပေါင်းရုန်းကန် တည်ဆောက်ရန် အချိန်ခါသင့်နေပြီဟု TNLA က ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အခြေအနေဖိအား ပေါင်းစုံကြောင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ဒေသတွင်း ပြည်သူလူထုမှာ စစ်ပွဲ၏ နောက် ဆက်တွဲ ဆိုးကျိုးများကို ဆက်တိုက် ခံစားနေရပြီး တိုက်ပွဲများမှာ လည်း မြန်မာပြည် အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန် တည်ဆောက်ရန် အချိန်ခါသင့်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တအာင်းဒေသတွင်း အခြားလူမျိုးအဖွဲ့အစည်းများမှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်း၊ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းများ မပြုနိုင်ရန် တအာင်းဒေသရှိ လူမျိုးစုံ ပြည် သူများနှင့်အတူ လက်တွဲကာကွယ်ပြီး ပြည်သူလူထုများ၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးအောင်မြင်ရောက်ရှိစေရန် ဦးဆောင်သွားမည်ဖြစ်ကြောင်း TNLA က ကတိပြုဥည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၏ နှစ်ပတ်လည် အစည်း အဝေးသို့ ဗဟိုကော်မတီဝင် များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရှိအရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူများ စုစုပေါင်း ၁၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်ပတ်လည် အစည်းအဝေးကြီးတွင် စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများကို သုံးသပ်ခြင်း၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ စတင်ဖော်ဆောင်သည့် 1027 စစ်ဆင်ရေးကို ဆွေးနွေးသုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တစ်နှစ်တာလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် အဖွဲ့အစည်း၏လုပ်ငန်းဌာနများ အားဖြည့်ပြင်ဆင်ခြင်းများကို ဆွေးနွေးချမှတ်ခဲ့ကြောင်း သိရသည်။