25 C
Yangon

“နယ်မြေစိုးမိုးမှုအပိုင်းမှာ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ အသေမခံနိုင်ဘူး။ အာဏာသိမ်းစစ်တပ်က ဘယ် လောက်အထိ အပြင်လုံးဝမထွက်ရဲဘဲနဲ့ တပ်စခန်းထဲမှာပဲ ခံစစ်အနေအထားပဲ။ လုံးဝအပြင်ထွက်လို့မရတဲ့ အနေ အထားနဲ့ သွားလာနေထိုင်နေတဲ့ အနေအထား။ စစ်တပ်က ခံစစ်တောင်မဟုတ် ခွာစစ်တောင် ဖြစ်သွားတယ်ဗျ။ အင်အားနဲ့ ထိုးစစ်ဆင်တဲ့အခါမှာ ပြေးစစ်ပါ ဖြစ်သွားတာပဲ”

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ယခုနှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ ၁ ၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၆ တို့ရှိ နယ်မြေစိုးမိုးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သော KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးက ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း KNU နှင့် တော်လှန်ရေးတပ်များ၏ နယ်မြေစိုးမိုးမှု အခြေအနေများကို ထုတ်ဖော်ပြောဆိုထားရာ ယင်းအင်တာဗျူးမှ ပြည်သူများ သိသင့်သော အပိုင်းများကို ကောက်နုတ်တင်ပြလိုက်ပါသည်။

မေး။ ။ ဒီနှစ်သစ်ကူးကာလ ၂၀၂၄ နှစ်စပိုင်းမှာ ဖဒိုအနေနဲ့ ရှေ့တန်းနယ်မြေတွေ သွားရောက်ခဲ့တယ်ဆိုပြီး သိရတယ်ပေါ့နော်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဖဒို ဘယ်နယ်မြေတွေ သွားခဲ့သလဲ။ ပြီးလို့ရှိရင် အဲဒီရှေ့တန်းနယ်မြေတွေ သွားတဲ့ ရည်ရွယ်ချက်လေး တစ်ချက်လောက် ပြောပြပေးပါခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်အနေနဲ့ တာဝန်တစ်ရပ်အနေနဲ့ ပိုပြီးတော့ များလာတာ။ အထူးသဖြင့် အဖွဲ့အစည်းကို ကိုယ်စားပြုပြောခွင့်ရ ပုဂ္ဂိုလ်ဆိုတာ ရလာတယ်။ တာဝန်ရလာတဲ့အခါမှာ ကိုယ့်မှာရှိတဲ့ ကိုယ်စား ဉာဏ်စွမ်းနဲ့ ကြိုးစားတယ်။

ကြိုးစားသလောက်ကတော့ ထိရောက်မှုရှိတယ်ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ လိုအပ်မှုတွေ ရှိသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း သိတဲ့အပေါ်မှာ အထူးသဖြင့် ဒီအပိုင်းမှာ ဘယ်အပေါ်မှာ အခြေခံရသလဲဆိုတော့ သတင်းရယူတဲ့အပိုင်းမှာတော့ အကူအညီ အထောက်အကူတွေ အများကြီးဖြစ်ပါတယ်။

ကိုယ့်မှာ အဖွဲ့ငယ်လေးတွေ ရှိတယ်။ အဲဒါကို ဖွဲ့စည်းထားတယ်။ သို့သော် ကိုယ်ကိုယ်တိုင်က ဒီပြောင်းလဲမှုတွေက အရမ်းကွာသွားပြီလေ ။ ၂၀၂၁ နောက်ပိုင်းမှာ ကိုယ့်နယ်မြေအခြေအနေရော အထူးသဖြင့် စစ်အာဏာသိမ်းတဲ့အဖွဲ့ကနေ ပြိုကျလာတဲ့ သူ့ရဲ့ အုပ်ချုပ်ရေးတွေ၊ ဒါတွေက တကယ်မျက်စိထဲမှာ ဘယ်လိုရှိတယ်ဆိုတာ တအားမြင်ချင်တယ်။ အဲဒါကြောင့် ၂၀၂၄ ဆန်းလာတာနဲ့ ဒီ တပ်မဟာ ၆ တူးပလာယာခရိုင်။

သိသိသာသာအနေနဲ့ ပြောရမယ်ဆိုရင် မြဝတီနဲ့ သိပ်မလှမ်းမကမ်းမှာရှိတဲ့ လက်ခတ်တောင်ကို ရောက်ခဲ့တယ်။ နောက်တကယ် နာမည်ကြီးတဲ့ အာရှလမ်းမကြီးကိုလည်း ကိုယ်တိုင်ကိုယ်ကျ အဲဒီမှာ သေချာရောက်သွားပြီးတော့ မြဝတီနဲ့ အဓိကကုန်သွယ်ရေးဇုန်အနားအထိပါ ကပ်ပြီးတော့ သွားနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားတဲ့အခါမှာ ကိုယ့်ရဲ့ တပ်တွေရဲ့ အခြေအနေကို ကောင်းကောင်းသိသွားတယ်ပေါ့လေ။

အဲဒါပထမအချက်ပေါ့။ ဒါက တပ်မဟာ ၆ မှာ။ နောက်တစ်ချက်ကတော့ ဒီရှေ့တန်းစစ်မြေပြင်တွေမှာ အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်နဲ့ နီးတဲ့ နေရာတစ်ခုမှာတော့ ရောက်ဖို့ လိုအပ်တယ်ဆိုတဲ့ ခံယူချက်တစ်ခုမှာတော့ တပ်မဟာ ၁ရယ်၊ တပ်မဟာ ၃ ရယ် ။ အထူးသဖြင့် ဒူး.. သထုံခရိုင်ပေါ့နော်။ ညောင်လေးပင်ခရိုင် အဲဒီနေရာကို ရောက်ခဲ့တယ်။ အဲဒီအပိုင်းမှာဆိုရင်တော့ ပြောရမယ်ဆိုရင်တော့ တပ်မဟာ ၃ ခုအထိတော့ ကျွန်တော် ရောက်ခဲ့တယ်လို့ ပြောလို့ရတာပေါ့နော်။

မေး။ ။ ဖဒိုအနေနဲ့ အဲဒီ‌ ရှေ့တန်းကို သွားတဲ့အခါမှာ အဲဒီရှေ့တန်းနယ်မြေတွေရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှုတွေက အခြေအနေဘယ်လိုရှိပြီလဲ။ ပြီးတော့ စစ်ကောင်စီရဲ့ စခန်းတွေနဲ့ ဘယ်လောက်နီးနီးအထိ ရှေ့တန်းနယ်မြေ ဘယ်လောက်နီးနီးအထိ ရောက်ရှိခဲ့လဲ။

ဖြေ။ ။ ပထမဦးဆုံးပြောရမယ်ဆိုရင်တော့ တပ်မဟာ ၆ ကနေ စပြောရမှာပေါ့နော်။ လက်ခတ်တောင်ဆိုတာကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်ကတည်းက ကျွန်တော်တို့ တပ်ဖွဲ့တွေ ပြန်ပြီးတော့ သိမ်းယူတဲ့အခါမှာ သူတို့ဘက်ကလည်း ကျားကုတ်ကျားခဲနဲ့ ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးပြန်လည်လုပ်တာ ၁၂ ကြိမ် ၁၃ ကြိမ်လောက်ရှိတယ်။ အကြီးကျယ်ဆုံးက ၂၀၂၃ ဩဂုတ်လ ၁၅ ရက်နေ့မှာ တစ်နေ့လုံးက လက်နက်ကြီးတွေနဲ့ မိုးလင်းက ညနေအထိ။ ဒါပေမဲ့ သူတို့ အကျအဆုံးတွေ အများကြီးနဲ့ ဆုတ်ခွာခဲ့ရတယ်။ သူတို့ လုပ်လို့မရဘူး။

ကိုယ်ကိုယ်တိုင်ကလည်း ရောက်ခဲ့တယ်။ အဲဒါအပြင် ၂၀၂၃ စက်တင်ဘာ ၃ ရက်နေ့မှာ အထူးသဖြင့် မြဝတီမြို့ပေါ်ကို ဒီတစ်ခါတည်း အဲဒီမြို့ရဲ့ အကြီးဆုံး စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တပ်ရင်းမှူးပေါ့နော်။ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေ၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့အကြီးဆုံးတွေပါ ကျဆုံးစေခဲ့တဲ့ ဒရုန်းတိုက်ပွဲတစ်ခုကို ဘယ်နေရာက လွှတ်တင်ခဲ့သလဲ အဲဒီလက်ခတ်တောင်ပေါ်မှာ မြင်ခဲ့ရတယ်။ အဲဒီကနေ မြဝတီကို ဘယ်လိုသွားလဲဆိုတာ အဲဒီကနေ အသေးစိတ်ကြည့်ရတာပေါ့လေ။

နောက်ပြီးတော့ အာရှလမ်းမကြီးပေါ်ကို ကိုယ်တိုင်ကိုယ်ကျ ရောက်သွားတဲ့အခါမှာ လမ်းဘယ်လောက်အထိ ထိန်းချုပ်နိုင်သလဲဆို အထူးသဖြင့် အဲဒီမှာ နာမည်ကြီးတဲ့ ကွမ်းသီးခြံပေါ့နော်။ အဲဒီဘက်မှာ တစ်ပတ်ပတ်ခဲ့တယ်။ အဲဒါကလည်း မြဝတီမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ပတ်ပတ်ပြီးတော့ အဲဒီမှာ အနေအထားကို ကောင်းကောင်းသိခဲ့ရတယ်။ အနေအထားက ရှင်းရှင်းလင်းလင်းပဲ ကျွန်တော်တို့ တပ်ဖွဲ့က တစ်ကြောလုံးယူထားပြီးတော့ ဟိုးအောက် လှိုင်ဝ တို့၊ ၉ တိုင် တို့ ၊ ၇ တိုင်တို့ ဟိုး ကျုံးဒိုးအထိ ကျွန်တော်တို့ တပ်ဖွဲ့တွေက အဲဒီနေရာ ယူထားတာ ရှိတယ်။ ဒါကတော့ ပြောရမယ်ဆိုရင်တော့ အာရှလမ်းမကြီးတစ်ခုလုံးက ကျွန်တော်တို့ လက်ထဲ ကျသွားပြီဆိုတာ ဒီဇင်ဘာလ ၁ ရက်က စပြီးတော့ ပြန်ပြီးတော့ ထိန်းချုပ်တယ်ဆိုတာ ဒါ ပြောလို့ရတယ်။

တပ်မဟာ ၃ ရဲ့ အနေအထားကတော့ ပြီးခဲ့တဲ့ အချိန်က အနေအထားက ကျွန်တော်တို့ မြို့နယ် ၃ ခုပဲ ရှိတယ်လေ။ ကျွန်တော်တို့ KNU ဘက်ကတော့ မုန်းမြို့နယ်ရယ်၊ ကျောက်ကြီး မြို့နယ် နောက် ရွှေကျင်မြို့နယ်ရယ်။ အဲဒီ ၃ မြို့နယ် ဒီကနေ့ ဒီကာလမှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ကူးဖြတ်လာပြီးတော့ နယ်မြေအနေအထားအရ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဘယ်လောက်အထိ‌ နေရာယူသလဲဆိုတော့ အနီးစပ်ဆုံးရောက်ခဲ့တဲ့နေရာကတော့ မားတောင့် ရထားလမ်းနဲ့ မနီးမဝေးအထိ ရောက်သွားပြီးတော့ အဲဒီနေရာကနေပြီးတော့ မားတောင့်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ အဲဒီ ၂ ရက်အတွင်းမှာ ရွာပေါင်း ၆၀ ကျော်အထိ ကျွန်တော်‌ ဖြတ်ကျော်လာခဲ့တယ်။ ရွာနာမည်တွေလည်း ကျွန်တော် မှတ်ထားခဲ့တယ်။ အဲဒီတော့ နယ်မြေစိုးမိုးမှုအပိုင်းမှာ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ အသေမခံနိုင်ဘူး။

ပြောရမယ်ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အများကြီးရှိသေးတယ်။ အဲဒါကြောင့်မို့ ဒီအခြေအနေ ဒီကာလမှာ နယ်မြေတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်လဲဆိုတာ ပြောချင်တာ။ အဲဒါကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ တပ်စခန်းတွေ ဘယ်လောက်အထိ ရှိလဲ ပြောရမယ်ဆိုရင် ရန်ကုန် မန္တလေး ရထားလမ်း ကားလမ်းဆို ရထားလမ်းအထိ သူတို့က ၂၄ နာရီ နေရတဲ့အနေအထားမှာ ကျွန်တော်တို့က မင်း အဲဒီနားမှာနေမယ်ဆိုရင် ကိုယ့် ဒီနားမှာ နေမယ်။ လက်တစ်ကမ်းလောက်ပဲ ကျွန်တော်တို့ တပ်ဖွဲ့တွေက တစ်လျှောက်ပဲ တောက်လျှောက်ပေါ့နော်။ ဒါက တပ်မဟာ ၃ တစ်ခုတည်းကို ပြောတာပဲ ရှိသေးတယ်။

ဆိုတော့ မားတောင့် ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း ၊ နံ့သာကွင်း အဲဒီတစ်လျှောက်ပေါ့။ အမှန်ကတော့ ဖြူးအထိ ကျွန်တော်တို့ တပ်ဖွဲ့တွေက နေရာယူထားပြီးသား ။ ဒါပေမဲ့ ကျွန်တော်က သိပ်အချိန်မရတော့ အဲဒီနေရာတွေပဲ ရောက်ခဲ့တယ်။ ဒါပေမဲ့ ရွာပေါင်း ၆၀ ကျော်နော်။ အဲဒီ ၂ ရက်အတွင်းမှာ ညောင်လေးပင် ခရိုင်တစ်ခုတည်းမှာပဲ ရှိသေးတယ်။

မေး။ ။ အဲဒါဆိုလို့ရှိရင် တပ်မဟာ ၁ ရဲ့ သွားခဲ့တဲ့ အခြေအနေလေးလည်း နည်းနည်းလောက် ပြောပြလို့ ရမလား။

ဖြေ။ ။ ဟုတ်ကဲ့ တပ်မဟာ ၁ ကတော့ ဇန်နဝါရီလရဲ့ နောက်ဆုံးပတ်ထဲမှာ ကျွန်တော်တို့ ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့အခါမှာ အဲဒီမှာ ကျွန်တော်တို့ မိုးကလည်း တအားရွာတဲ့အချိန်ကို သွားတိုးတယ်။ မှတ်မှတ်ရရပေါ့။ ဒီအချိန်ဒီကာလမှာ မိုးကလည်း မရွာသင့်ဘဲ ရွာတယ်။ အဲဒီရက်ကျတော့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာပေါ့နော်။ အဲဒီ တနင်္ဂနွေနေ့ပဲ ။

အမှတ် ၁ ထဲမှာ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ကိုယ်တိုင် မြင်တွေ့နေရတဲ့ ကျွန်တော် တော်လှန်ရေးတစ်လျှောက်လုံး အပြောင်းအလဲ တစ်ခုလိုဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘီးလင်းမြို့နယ် ဘားအံမြို့နယ်ဆိုတာ တပ်မဟာ ၁ ရဲ့ သထုံခရိုင်ထဲမှာ ရှိတယ်။ မြင်ခဲ့ရတဲ့ ဘာလဲဆိုတော့ ကျွန်တော်တို့ သက်တမ်းတစ်လျှောက် ကျွန်တော်တို့ တော်လှန်ရေးထဲ ဝင်လာတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း ပြောစမှတ်ပြုတယ်။ ကိုယ်ကိုယ်တိုင်က ပစ်တယ်ဆိုရင်လည်း ပြေးရတာပဲ။

သူများပစ်တယ်ဆိုရင်လည်း ပြေးရတဲ့အနေအထားကနေ ရောက်လာပြီးတော့ ဒီနေ့ ဒီအချိန်မှာ ဘယ်လောက်အထိ နယ်မြေစိုးမိုးမှု ဘယ်လောက်ဖြစ်လာသလဲဆို ပေ ၁၀၀ ကတ္တရာလမ်းမကြီးပေါ်မှာ ကိုယ့်ကားတွေ ကိုယ့်တပ်သားတွေနဲ့ သွားလာနိုင်တဲ့ အနေအထားမျိုးမှာ အဲဒီ ဘားအံမြို့နယ်ဆိုတာ ပြောရမယ်ဆိုရင်ပေါ့ဗျာ။ အာရှလမ်းမကြီး အနီးကပ်ဆုံး နေရာနားအထိကို ကျွန်တော်တို့ ရောက်တယ်။ သွားချင်သလို သွားနေတဲ့ အနေအထားမှာ အထူးသဖြင့် အာဏာသိမ်းစစ်တပ်က ဘယ်လောက်အထိ အပြင်လုံးဝမထွက်ရဲဘဲနဲ့ တပ်စခန်းထဲမှာပဲ ခံစစ်အနေအထားပဲ။ လုံးဝအပြင်ထွက်လို့မရတဲ့ အနေအထားနဲ့ သွားလာနေထိုင်နေတဲ့ အနေအထား။ ဒါက ဘားအံမြို့နယ် တစ်ခုတည်းမှာရှိတယ်။

ဆိုလိုတာက ရွှေဂွန်းရဲ့ ဒီဘက်ခြမ်း။ ပြောရမယ်ဆိုရင် အဲဒီ ဒီဘက်ခြမ်းတောက်လျှောက် ကျွန်တော်တို့ ပြောင်သလင်းခါအောင် ပေါ်တင်ကြီး သွားနေတဲ့ အနေအထားတစ်ခုကို ကျွန်တော်တို့ အခြေအနေက ပြောင်းလဲသွားပြီ။ နောက်တစ်ခုက သထုံမြို့နယ်ထဲမှာ။ ကျွန်တော်တို့ ဘယ်လောက်အထိဆို ရွှေတောင်ဘုရားအထိ ကျွန်တော်တို့ သွားလို့ရတယ်ဗျာ။ သထုံဆို အာရှလမ်းမကြီးပေါ်မှာ ဒါ တော်တော်များများလည်း သိကြပါတယ်။ ကျွန်တော်တို့ အဲဒီမှာ နယ်မြေတွေ အများကြီးစိုးမိုးထားနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားတယ်။

ကျိုက်ထိုဆို ကျိုက်ထီးရိုးတောင်အောက်ထိ ပတ်ချာလည် ကျွန်တော်တို့ လျှောက်သွားနိုင်တဲ့ အနေအထားတစ်ခုအထိ။ အာလူးကြီး အာလူးလေးဆို လူတိုင်း သိပါတယ်။ ဒါကလည်း အာရှလမ်းမကြီးပေါ်မှာ ရှိတယ်။ နယ်မြေအနေအထားအရ အုပ်ချုပ်ရေးပညာရေး ပြောရရင် ကျန်းမာရေးက အစ ဆေးရုံဆေးခန်းတွေကလည်း အဲဒီလို အထိမှကို အကုန်လုံးလွှမ်းမိုးနိုင်တဲ့အထိကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။

ပြောရမယ်ဆိုရင် ကျိုက်ထိုမြို့နယ်ဆိုရင် တပ်မဟာ ၃ ရဲ့ ရွှေကျင်မြို့နယ် ဆက်စပ်နေတဲ့ နေရာတစ်ခု သိမ်ဇရပ်နဲ့။ မြို့အထိတော့ မသွားဘူးဆိုပေမယ့် သိမ်ဇရပ်နဲ့ ဆိုင်ကယ်နဲ့သွားရင် ၅ မိနစ် ၆ မိနစ်လောက်ပဲ အဲဒီနေရာအထိကို ကျွန်တော်တို့ ရောက်လာခဲ့တဲ့ အနေအထားတစ်ခု ရှိသွားတယ်လေ။ နောက် ကျိုက်ထိုဆိုရင်လည်း ရထားလမ်း ကားလမ်းနဲ့ မဝေးတဲ့ စစ်တောင်းမြစ်ကမ်းအထိကို ကျွန်တော်တို့ ရောက်လာခဲ့တယ်။ အဲဒီနေရာအားလုံးက ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေ ဖြစ်သွားပြီလို့ ကျွန်တော်တို့ ပြောလို့ရပြီပေါ့နော်။

မေး။ ။ ဒါဆိုလို့ရှိရင် ထပ်ပြီးတော့ သိချင်တာက ဒီခရီးစဉ်တစ်လျှောက် နယ်မြေခံ တပ်ဗိုလ် တပ်မှူးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ပြောပြတဲ့ လက်ရှိစစ်ကောင်စီတပ်တွေရဲ့ ရှေ့တန်းတပ်စခန်းအခြေအနေတွက ဘယ်လိုမျိုးရှိသလဲခင်ဗျာ။

ဖြေ။ ။ သိသိသာသာကြီးဖြစ်သွားတာက ကျွန်တော်တို့ သတိထားမိတယ်။ ၂၀၂၁ အာဏာသိမ်းတယ်။ ဒါပေမဲ့ ၅ လ ၆ လအတွင်းမှာ တော်လှန်တဲ့ လူတွေ ထပ်ပြီးတော့ ဆူပူတဲ့ လူတွေ အကုန်လုံး သိမ်းကြုံးပြီးတော့ အကုန်လုံး လုံးဝ လှုပ်လို့မရအောင် သူတို့ လုပ်နိုင်မယ်လို့ ယူဆချက်နဲ့ သူတို့ လုပ်တယ်ဆိုပေမယ့် တကယ်တမ်း ၁ နှစ်အတွင်းမှာလည်း သူတို့ မချေမှုန်းနိုင်ဘူး။

၂၀၂၂ ထဲ ဝင်လာတဲ့အခါမှာ သူလည်း ချ၊ ကိုယ်လည်း ချ စစ်ဆင်ရေးတွေ အကြီးအကျယ် ကျွန်တော်တို့ နယ်မြေထဲမှာ လုပ်တယ်။ တပ်မဟာ ၆ ဆိုရင်လည်း အကြီးအကျယ်ပေါ့နော်။ သုံးတောင်ကွေ့တို့ ဘာကွေ့ညာကွေ့တို့ နာမည်ကြီးနေတာပဲ။ သူတို့ တပ်မကြီးချီ တပ်မ ၂၂ တို့ တပ်မ ၂၄ တို့ ဝင်လာတယ်။ ဒါပေမဲ့ သူတို့ တပ်မတစ်ခုလုံး ချီလာလည်း ထောင်ဂဏန်းလည်း မပြည့်ဘူး။

ဆိုတော့ အရင်တုန်းက ကော်သူးလေး ကျွန်တော်တို့ KNU ကို စစ်ဆင်တဲ့ ဗဟို မာနယ်ပလောတို့ ခေတ်တို့ ဘာမှ မဆိုင်ဘူး။ အဲဒီတုန်းက တပ်မ ၄၄ ဝင်လာပြီဆိုရင် ထောင်၊ သောင်းနဲ့ ချီတဲ့ တပ်တွေ ၊ အခုက တပ်မ တစ်ခုလုံးမှ တစ်ထောင်လည်း မပြည့်ဘူး ရာဂဏန်းလောက်က အနိုင်နိုင် ။ ဆိုတော့ အဲဒါတွေက အဲဒီလို ဖြစ်နေတဲ့ အခါမှာ ကျွန်တော် ပြောချင်တာက သူတို့ လက်ရှိအနေအထားက စခန်းထဲမှာ လုံးဝ အပြင်ထွက်လို့ မရတော့ဘူး။ ပြောင်းလဲသွားတယ်ဆိုတာ ဟိုး အရင် ၂၀၂၃ ထဲဝင်လာတဲ့အခါမှာ လုံးဝ အချိုးပြောင်းသွားတယ်။

အပြင်လုံးဝမထွက်ရဲတော့ဘူး စစ်ကြောင်းတွေ လုံးဝလှည့်လို့ မရတော့ဘူး။ သူတို့အနေအထားအရ ခံစစ်ကို လုံးလုံးကြီးကို ဝန်ခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆို အရင်တုန်းက လမ်းတွေ မဖောက်ပါနဲ့လို့ ကျွန်တော်တို့ တားခဲ့တယ်။ အဲဒီအတောအတွင်းမှာ လမ်းဖောက်မယ် တကဲကဲပဲ။ ဘာဖြစ်လို့လဲဆိုတော့ လမ်းဖောက်ပြီးတော့ ကျွန်တော်တို့ နယ်မြေထဲ ထိုးဖောက်ပြီးတော့ စစ်ဆင်ရေး စစ်ရဲ့ သဘောသဘာဝအရ စစ်ရေးရည်မှန်းချက်နဲ့ပဲ ဖောက်တာ။

အခု သူတို့ ဖောက်တဲ့ လမ်းမှန်သမျှ သူက လိုက်ပြီးတော့ ပြန်ပြီးတော့ ဖျက်ဆီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က အဲဒီလမ်းတွေက ကိုယ့်အတွက်ဖြစ်သွားပြီးတော့ စစ်ဆင်ရေးအတွက် ကိုယ့်အတွက် အရမ်း အထောက်အကူဖြစ်တာ သူသိတော့ သူက လမ်းတွေ ဖျက်ပြီးတော့ အတွင်းထဲမှာ ပြန်ပြီးတော့ ဝပ်နေတာ။ အဲဒီလိုအနေအထားမျိုးက သူက ပြန်ပြောင်းသွားတော့ တပ်မှူးတွေ ပြောပြချက်အရဆို အဲဒါတင်မကဘူး ကျွန်တော်တို့ ရှေ့တန်းနယ်မြေအသီးသီးမှာ ကျွန်တော်တို့ တိုက်စရာမလိုဘဲ သူတို့ဘာသာ ပြန်ပြီးတော့ စွန့်ခွာတယ်ဗျ။

ခံစစ်တောင်မဟုတ် ခွာစစ်တောင် ဖြစ်သွားတယ်ဗျ။ သွားတိုက်စရာမလိုဘူး ပြန်ပြီးတော့ ဆုတ်တယ်။ ရုပ်သိမ်းတယ်။ တပ်မဟာ ၂ မှာဆို ဗျူဟာထိုင်တဲ့နေရာ သွားတောင်မတိုက်ရဘူး။ ဒါတွေက ခွာစစ်တွေ အဲဒီလို အနေအထားမှာ ခံစစ်ရော ခွာစစ်ရော တစ်ခါတည်း လုပ်နေရတယ် Plus ကိုယ်ကိုယ်တိုင်က ပြန်ပြီးတော့ အင်နဲ့ အားနဲ့ ထိုးစစ်ဆင်တဲ့အခါမှာ ခံစစ်၊ ခွာစစ်၊ ပြေးစစ်ပါ ဖြစ်သွားတာပဲ။

အဲဒါက လက်တွေ့ ပကတိအခြေအနေ။ အဲဒါကြောင့်မို့ နောက်ဆုံး ကျွန်တော်တို့ သုံးသပ်တာကတော့ သူတို့ တပ်ဖွဲ့တွေ တဖြည်းဖြည်းနဲ့ မတိုက်ရဘဲ ပြန်ပြီးတော့ ဆုတ်ခွာပြီး နေပြည်တော်တစ်ဝိုက်မှာပဲ ပြန်ပြီးတော့ အသေခံမယ်ဆိုတာ ရှင်းရှင်းလေး ပေါ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ပိုင်းမှာ သူက လုံးဝ ဆုံးရှုံးလိုက်တယ်။ ရခိုင်ဘက်မှာလည်း ကျွန်တော် ရောက်တဲ့အချိန်မှာ မစသေးဘူးဆိုပေမယ့် ရခိုင်လည်း စတော့မယ် သူ့နေရာ ပြန်ယူတော့မယ်ဆိုတာ သေချာတယ်။ အဲဒီအတိုင်းပဲ အခုလည်း ဖြစ်နေပြီလေ။ ပြန်ယူပြီ။

နောက်ဆို စစ်တွေပါ ကျတော့မှာ။ အဲဒါအပြီး သူတို့ ဘယ်ဟာကို ရွေးချယ်စရာမရှိတော့ဘူး။ နေပြည်တော်မှာပဲ ပြန်ပြီးတော့ အသေခံရတော့မှာ။ ကျွန်တော်တို့ အဲဒါမြင်တဲ့အပေါ်မှာ ကျွန်တော်တို့ မြို့တွေကို အသေခံပြီးတော့ လျှောက်ယူစရာလည်း မလိုဘူး။ လိုရင် လိုသလို ဝင်တိုက်မှာပဲ။ ဒါပေမဲ့ အဓိကကျတဲ့ သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုတိုက်မလဲဆိုတာ ဒါပဲ ကျွန်တော်တို့ စဉ်းစားတော့မှာပဲ။

မေး။ ။ နောက်ထပ်ထပ်ပြီးတော့ သိချင်တာက ဒီ စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာတာ ၊ စစ်ကြောင်းထိုးဝင်လာတာတွေ ရှိတယ်။ ပြီးတော့ ဝင်လာတယ်၊ ပြန်ထွက်သွားတယ်။ နေရာတစ်ခုကနေ ခွာစစ်ဆင်တယ်။ အဲဒီလိုမျိုး သူတို့နေရာတစ်ခုကို ဆုတ်ခွာသွားတယ်။ စွန့်ခွာသွားတယ်အခါမှာ သူတို့အဲဒီလို နယ်မြေတွေမှာ ဘယ်လိုမျိုး လုပ်ခဲ့လေ့ရှိသလဲ။ ဖဒို ရှေ့တန်းသွားတဲ့အချိန်မှာ ဘယ်လိုတွေ မြင်ခဲ့ရလဲ။

ဖြေ။ ။ အသိသာဆုံးအချက်ကတော့ နယ်မြေတော့ အများကြီး မဟုတ်ဘူး။ ခုနပြောသလိုပေါ့နော် တပ်မဟာ ၃ နယ်မြေတစ်ခုတည်း ညောင်လေးပင်ခရိုင်တစ်ခုတည်းပဲ ၂ ရက်အတွင်းမှာ ရွာပေါင်း ၆၀ ကျော် ဖြတ်ကျော်ခဲ့ရတာပေါ့။ အဲဒီထဲမှာ ထူးထူးခြားခြားတွေ့တာကတော့ ကျောက်တံခါးမှာ ဝင်ခါစရွာမှာ တကယ့် အိမ်ကြီး အိမ်ကောင်းတွေ အများကြီးပဲ။ အဲဒီမှာ မိုးတွင်းတုန်းက တိုက်ပွဲ ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တော့ မီးရှို့တာ။ အဲဒီမှာ အကုန်လုံးပြာကျတယ်။ အဲဒီရွာလည်း ပျက်စီးရော။

တကယ့် အိမ်ကြီး အိမ်ကောင်းတွေ နှမြောစရာတော့ ကောင်းတယ်။ ရောက်တဲ့အချိန်မှာ ဒါပေမဲ့ လမ်းမပေါ်က လွဲလို့ ဘယ်မှ ဆင်းလို့မရဘူး။ ကျွန်တော်တို့ ရဲဘော်တွေ ပြောပြချက်အရ သူတို့ကိုယ်တိုင် အဲဒီတိုက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ မြေမြှုပ်မိုင်း ပြန်လည်ဖော်ထုတ်တာ အလုံး ၃၀၀ ကျော်။ အားလုံးမကုန်သေးဘူး တစ်ပုံကြီးကျန်သေးတယ်။ အဲဒီလိုမျိုးက ဒီလိုမျိုး လုံးဝပျက်စီးအောင် သူတို့လုပ်ခဲ့တဲ့ဟာတွေ။

ဒါက တစ်ရွာတည်းမှာ မကဘူးနော်။ တခြားရွာထဲမှာ သူတို့ စွန့်ခွာသွားရင် ဒီလိုမျိုးအများကြီး ကျန်ရစ်ခဲ့တယ်။ ခင်းကျင်းပြီးတော့ အဲဒီလိုမျိုးလုပ်သွားတာ။ ဒါက ရှေ့ဆက်ရမယ့် ခရီးမှာ ရှင်းရမယ့် ကိစ္စတစ်ခုအဖြစ်နဲ့ပဲ ကိုယ့်မှာ လုပ်စရာ အိမ်စာတစ်ခုတော့ ကျန်သေးတယ်။ ဆိုလိုတာက မစားရတဲ့ အမဲ သဲနဲ့ပက်တယ်ဆိုတာ နေရာတစ်ခုတည်း မဟုတ်ဘူး။ နေရာတော်တော်များများ သူတို့က လုပ်သွားခဲ့တယ်။ အဲဒါကြောင့်မို့လို့ မြို့တွေကို သူတို့က မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ဟာ မင်းတို့ ဘယ်လောက်ပဲ သိမ်းနိုင် သိမ်းနိုင် ၊ ငါတို့က မင်းတို့ အုပ်ချုပ်လို့မရအောင် လုပ်ပစ်မှာပဲ။ သူတို့ ပြောတာ ။ ပြောတဲ့အတိုင်းလည်း လုပ်တယ်လေ။

အဲဒါကြောင့် ဒီကနေ ဒီကာလမှာ မြို့သိမ်းတာ သိပ်ပြီးတော့ အာရုံမလာဘူး။ အာရုံစိုက်ထားမယ်ဆိုရင် ရတာနဲ့ လုံးဝမတန်ဘူးဗျာ။ ဥပမာ ကြည့် မုန်းမှာရော ၊ ဇရပ်ကြီးမှာရော ။ ဇရပ်ကြီးမှာဆို ရှင်းရှင်းလေး တောင်ငူလေတပ်နဲ့ ၅ မိနစ်တောင် မကြာဘူး ရောက်တာပဲ။ အဲဒီမှာ ကျဲပစ်လိုက်တာ လူထုရော ဘာရော လုံးဝ မရွေးဘူးလေ။ မြို့သိမ်းခဲ့တဲ့ လူတွေက ပြန်စဉ်းစားရမယ်လေ။ ကျွန်တော်တို့ကတော့ သိပ်ပြောစရာမလိုဘူး။ ဒီအချိန်မှာတော့ ဒါတွေကို သိပ်စဉ်းစားမှာ မဟုတ်ဘူး။

ဒါပေမဲ့ စစ်ရေးအရ လိုအပ်တာတော့ ကျွန်တော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါ စဉ်းစားမှာပဲ အထိခိုက်နည်းတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် လုပ်မယ်။ သူ့ရဲ့ အသည်းနှလုံးရှိတဲ့ နေရာ အရှိုက်ရှိတဲ့ နေရာ သူ့ရဲ့ အညှာရှိတဲ့နေရာကို ကျွန်တော်တို့ ဖောက်မှာပဲ ။ ဒါကပဲ အခုလက်ရှိ ကျွန်တော်တို့ဆီ ရောက်လာတဲ့ လူငယ် လူရွယ်တွေ ကောင်းကောင်းသိတယ်။ ဘယ်နေရာကို ကိုင်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ လုပ်ရမယ့် အလုပ်ကိုပဲ သေသေသပ်သပ်လုပ်သွားမှာပဲ ကြွားစရာလည်း မလိုဘူး။ ဒီအပိုင်းမှာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article