30.5 C
Yangon

တောင်ဒဂုံ၊ ၁၇ ရပ်ကွက်တွင် လူငယ်တချို့ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ ၊ ပန်းဘဲတန်းတွင် ယမန်နေ့ညပိုင်း မှတ်ပုံတင် မပြနိုင်သည့် လူငယ် ၅ ဦး ဖမ်းဆီးခံရ

Must read

တောင်ဒဂုံ၊ ၁၇ ရပ်ကွက်တွင် လူငယ်တချို့ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ ၊ ပန်းဘဲတန်းတွင် ယမန်နေ့ညပိုင်း မှတ်ပုံတင် မပြနိုင်သည့် လူငယ် ၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း (တောင်ဒဂုံ) ၁၇ ရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လမ်းများ ပိတ်ဆို့စစ်ဆေးစဉ် မသင်္ကာသည်ဟုဆိုကာ လူငယ် တချို့ ဖမ်းဆီးခံရကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ ပြည်သူတချို့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး တောင်ဒဂုံ၊ ၁၇ ရပ်ကွက်အတွင်းတွင် စစ်တပ်နှင့်ရဲများက မကြာခဏဆိုသလို လာရောက်စစ်ဆေးလျက်ရှိရာ လူငယ်များ ဖမ်းဆီးခံရကြောင်း၊ တချို့ ငွေကြေး ပေး၍ ပြန်လည် လွတ်မြောက်သော် လည်း မလွတ်မြောက်သူ အများစုဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း တောင်ဒဂုံ ၁၇ ရပ်ကွက် ကြက်ဒိုင်နားတွင် ညနေပိုင်း အလုပ်ပြန်လာသည့် လူငယ် ၂ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“တောင်ဒဂုံ ၁၇ ရပ်ကွက်မှာ ခဏ၊ ခဏ စစ်သားတွေလာပြီး ကားတွေစစ်တယ်။ ဆိုင်ကယ်တွေဖမ်းတယ်။ အဲဒါနဲ့အတူ လူငယ်တွေပါ ဖမ်းတာ။ ဖေ ဖော်ဝါရီလ ၂၃ ရက်နေ့က တောင်ဒဂုံ ၁၇ ရပ်ကွက်ကြက်ဒိုင်နားမှာ အလုပ်ပြန်တဲ့ လူငယ် ၂ ဦးကိုဖမ်းသွားတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတော့ ညနေပိုင်း ၆နာရီလောက်ကနေ စစစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ ညပိုင်း ၉ နာရီအချိန် ရန်ကုန်မြို့ ပန်းဘဲတန်းမြိုနယ်၊ ကုန်သည်လမ်း နှင့် ၃၁ လမ်းထိပ်တွင် စစ်တပ်က လူငယ် ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဧည့်စာရင်းစစ်တယ်။ မှတ်ပုံတင်တွေစစ်တယ်။ လူငယ် ၅ ဦး လက်ဖက်ရည်ဆိုင်ဘက်ကနေ ပြန်လာတာလို့ သိရတယ်။ မှတ်ပုံတင် မပြနိုင်တာကြောင့် ဖမ်းတယ်လို့ ပြောတယ်။ မိဘတွေတော့ ညတွင်းချင်း စခန်းကို လိုက်သွားကြတယ်။ နောက်ဆက်တွဲတော့ ဘာဆက်ဖြစ်လဲ မသိရသေးဘူး” ဟု ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃၀ တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်များကို ပစ်မှတ်ထား စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- တောင်ဒဂုံတွင် စစ်တပ်နှင့်ရဲက ယမန်နေ့ ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article