25 C
Yangon

ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျ

Must read

ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ၄ ကြိမ် မီးလောင်ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဗုံးကျဲ တိုက်ခိုက်ခဲ့သော နေရာသည် မည်သည့် တပ်ဖွဲ့မှ တပ်စွဲထားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဘုန်းတော်ကြီးကျောင်းအတွင်းတွင် လူသူနေထိုင်ခြင်းမရှိဘဲ စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားရာဖြစ်သည့် ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်ခြင်းသည် ပအိုဝ်းတမျိုးသားလုံးကို တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက် ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ပအိုဝ်းလူထုကို ရန်သူသဖွယ် သတ်မှတ်ကာ ပြည်သူများ၏ ရပ်ရွာများ၊ ပြည်သူများ အလေးအမြတ်ထားရာ ဘာသာရေး အဆောက်အဦးများကို လေယာဉ်များ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ပအိုဝ်းပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း ကားများကို ချောဆွဲ သိမ်းဆည်းခြင်းများကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် အလွန်ရက်စက်အောက်တန်းကျသည့် အကြမ်းဖက်သမား လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းဒေသကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးနေသည့် စစ်အာဏာရှင်စနစ်များ အပြီးတိုင် အမြစ်ပြတ်ရေး လူထုနှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article