25 C
Yangon

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော် အပါအဝင် ဆေးပေးခန်းပါ မီးလောင် ပြာကျ

Must read

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော် အပါအဝင် ဆေးပေးခန်းပါ မီးလောင် ပြာကျ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉၀ ကျော် အပါအဝင် ဆေးပေးခန်းပါ မီးလောင် ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတဲကျေးရွာမှ တဆင့် ခိုးသန်းကျေးရွာကို နံနက် ၄ နာရီ၀န်းကျင်ခန့်တွင် သေနတ်များ ပစ်ဖောက်ကာ ၀င်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နေအိမ်တွေနဲ့ ရွာက ဆေးပေးခန်းတွေ အပါအ၀င် အဆောက်အဦး စုစုပေါင်း ၉၅ လုံး မီးလောင် ပြာကျသွားတယ်။ ကား ၁ စီးလည်း မီးထဲပါသွားတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

မုံရွာမြို့နယ် နမခ စစ်ဌာနချုပ်အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

နမခ စစ်ဌာနချုပ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့နယ်နှင့် ဘုတလင် မြို့နယ် အစပ်ရှိ ကျေးရွာများဖြစ်သော ဗဒုံ၊ ဇီးတော စသည့် ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ကျောက်စစ်ပုံ အမြောက်တပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း မုံရွာမြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများဖြစ်သော ဘူးတောင်းကန်၊ ကံပြား၊ တဲကြီးကုန်း၊ ပေကုန်းစသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article