25 C
Yangon

ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် သေ ဆုံး၊ ဂန့်ဂေါတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Must read

ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် သေ ဆုံး၊ ဂန့်ဂေါတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးသေဆုံးကြောင်း သိရှိရသည်

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ဘေးရှောင်လာသည့် မိသားစု ၃ဦးသည် ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာတွင် စစ်ကောင်စီ၏ တိုက်မိုင်းမိပြီး ၂နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ကြောင်း၊ မိဘ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဘေးရှောင်မိသားစုသည် ကလေးမြို့မှ ကလေးမြို့တောင်ပိုင်းသို့ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာခြင်းဖြစ်ကြောင်း၊ ကလေးမြို့၊ စက္ကန့်ရွာသည် လွန်ခဲ့သော တစ်ပတ်ခန့်က စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စက္ကန့်ကျေးရွာတွင် တပ်စွဲထားစဉ် မိုင်းများ စွာ ထောင်ခဲ့ကြောင်း သိရှိရသည်။

” ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကမှ စစ်ကောင်စီတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ထားတဲ့ရွာ။ စက္ကန့်ရွာမှာ စစ်ကောင်စီတပ်စွဲကတည်းက မိုင်းတွေတော်တော်ထောင်ထားတာ။ သူတို့ထောင်တဲ့မိုင်းကြောင့်သေတာ လေးယောက်လောက်ရှိပြီ။ ခုမိသားစုက ရွာထဲလမ်းမှားဝင်သွားတာလို့ပြောကြတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောဆိုသည်။

ကလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ စစ်ရေးတင်းမာကာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း၊ ဖေဖေဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ မိုင်း၊ ပစ်ခတ်မူကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် စစ်ရေးအရှိန်တိုး မြှင့်တော့မည်ဖြစ်၍ ပြည်သူများ စစ်ဘေးရှောင်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တရားဝင် စာ ထုတ်ပြန် အသိပေးခဲ့သည်။

” မြိုအရှေ့အနောက်ပိုင်း ရှောင်ကြတဲ့သူတွေတော့ရှိပြီ။ မြို့အလယ်ပိုင်း၊အရှေ့ပိုင်းတွေတော့ မရှောင်ကြသေးဘူး။ အခြေအနေကြည့်နေကြတာပေါ့။ တမြို့လုံးအတိုင်းအတာကြီးထိရှောင်ဖို့ကတော့မလွယ်သေးဘူး”ဟု ကလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ် ခ.လ.ရ ၅၀ တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မတ် ၁ ရက်နေ့ ညပိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ရွာမှ အမျိုးသမီးတစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့ ဂန့်ဂေါမြို့ပေါ် ခ.လ.ရ ၅၀ စစ်ကောင်စီတပ်က ဂန်ဂေါမြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တစ်လုံးသည် ရွာစည်ရွာမှ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးထိမှန်သော အမျိုးသမီးသည် ပေါင်အရင်းတစ်ဖက်တွင် ကြေမွသွားပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article