28 C
Yangon

မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ

Must read

မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ

By Igor Blazevic

၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းပြည်ထဲက မျိုးဆက်သစ် GenZ များရဲ့ အကြမ်းမဖက် လှုပ်ရှားမှုများ၊ မြို့ပြမှာ အများစုနေထိုင်တဲ့ လူလတ်တန်းစား ပညာတတ်အလွှာနဲ့ (အထည်ချုပ်စက်ရုံအလုပ်သမား၊ မီးရထားဝန်ထမ်းစသည်) အလုပ်သမားလူတန်းစားတွေအတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Civil Disobedience Movement အဖြစ် စတင်ခဲ့ပါတယ်။

စစ်အုပ်စုက သွေးထွက်သံယို ရက်စက်စွာနှိမ်နင်းမှုတွေစတင်လာပြီး တရားလက်လွတ် သတ်ဖြတ် ပစ်မှုတွေ၊ လက်နက်မပါဘဲ ဆန္ဒပြနေတဲ့ လူထုထဲကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုတွေ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ စတင်လာချိန်မှာတော့ လူထုရဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေဟာ မြို့ပြကနေ ဗမာကျေးလက်တွေ၊ တောင်တန်းနယ်စပ်ဒေသလူမျိုးစုတွေရှိတဲ့ ဒေသတွေဆီကို ရွေ့လျားလာခဲ့ပါတယ်။

စတင်ခဲ့တုန်းက အကြမ်းမဖက် မြို့ပြ လူထုလှုပ်ရှားမှုအနေနဲ့ ရှိခဲ့ပေမယ့် အဲဒီအချိန်က အာဆီယံနဲ့တကွ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို လျစ်လျူရှုခဲ့ကြပါတယ်။ နိုင်ငံတကာရဲ့ အကူအညီကို မရတဲ့အခါ ပြည်သူတွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ကျေးလက် အခြေပြု လက်နက်ကိုင်တော်လှန်ရေးကို အသွင်ပြောင်းခဲ့ကြရပါတယ်။

စစ်အုပ်စုကို ပြန်တော်လှန်တဲ့နေရာမှာ နိုင်ငံရေးနဲ့ အတွေးအခေါ်ပိုင်းမှာ မြို့ပေါ် လူလတ်တန်းစားက ဦးဆောင် ခဲ့တယ် ဆိုပေမယ့် တော်လှန်ရေးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျေးလက်လူထုက ခါးစည်းခံခဲ့ကြ ရပါတယ်။ ကျေးလက်က တောင့်ခံထားတဲ့အတွက်တော်လှန်ရေးက ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ကျေးလက်လို့ပြောတဲ့အခါ ဗမာမြို့ရွာတွေရော လူမျိုးစုနယ်မြေက မြို့ရွာတွေရောပါပြီး အချို့ဒေသတွေဟာ မီးတိုက်ခံခဲ့ရပေမယ့် ဆက်လက်တော်လှန်နေကြတုန်းပါ။

ဗမာကျေးလက် တောင်သူလယ်သမားတွေရဲ့ တော်လှန်ရေးဟာ နှစ်ပေါင်းများစွာ လွတ်မြောက်ဖို့ အတွက် ရုန်းကန်နေခဲ့ကြတဲ့ လူမျိုးစုတော်လှန်ရေးနဲ့ ပေါင်းဆုံခဲ့ကြပါပြီ။ ဒီလို မြို့ပြကနေ ကျေးလက်ဆီကို အင်အားတွေရွေ့သွားတာဟာ နိုင်ငံရေးရော စီးပွားရေးမှာပါ အပြောင်းအလဲတွေ အများကြီးဖြစ်လာစေပါတယ်။

တော်လှန်ရေးထဲမှာ ကြံ့ခိုင်နိုင်တဲ့ အားကိုလည်းပိုတိုးလာစေသလို ပိုပြီး လေးနက်တဲ့ အင်အားကိုဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့လည်း လပေါင်းများစွာ စစ်တပ်နဲ့ ရဲတွေရဲ့ ဖိနှိပ်မှုအောက်မှာ နွေဦးတော်လှန်ရေးဟာ ပိပြားမသွားခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာမှာဖြစ်ပျက်ခဲ့ဖူးတဲ့ တခြားနိုင်ငံတွေက မြို့ပြအခြေပြု လူထုလှုပ်ရှားမှုတွေလို ဒီတော်လှန်ရေးဟာ နောက်ဆုတ်မသွားသေးတာပါ။ နယ်ဘက်ဒေသက နေရာတွေကို စစ်အုပ်စုဟာအကြီးအကျယ် ဆုံးရှုံး ရပြီးတဲ့နောက်မှာ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ မြို့ပြကို တဖြည်း ဖြည်းနီးလာကြပါတယ်။

စစ်အုပ်စုရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ သူတို့ကမြို့ပြတွေမှာ ခြေကုတ်မြဲအောင်ယူထားပြီး မြို့ပြလူထုကို ဓားစားခံလုပ်ပြီး လူသားတံတိုင်းလုပ်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို အပျက်အစီးတွေ အများကြီး အဖြစ်ခံပြီးတော့ကို သူတို့ကိုယ်သူတို့ကာကွယ်မှာပါ။

အခုချိန်ထိ စစ်တပ်ဟာ ရာဇဝတ်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို တရစပ် အဆင်ခြင်မဲ့ အငဲ့အညှာမဲ့ ကျူးလွန်နေတာပါ။ ကျေးလက်လူထုနဲ့ နယ်စပ်ဒေသကို ဒုက္ခတွေ ပေးနေတာပါ။ နိုင်ငံတစ်ခုမှာ အစိုးရကိုယ်တိုင်က အရပ်သားလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ဝိသေသ လက္ခဏာတွေပါ။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေကို အဓိက ခံနေရတာက ကျေးလက်နဲ့ နယ်ဒေသတွေဖြစ်နေပါတယ်။ ပြည်သူထောင်ပေါင်းများစွာကို သက်ရောက်မှုရှိနေတာတောင်မှ မြန်မာနဲ့ နယ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ တခြား ဒေသတွင်း အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မျက်စိရှေ့မှောက်က အဖြစ်ဆိုးတွေကို မသိချင်ယောင်ဆောင်နေကြပြီး အရေးပေါ် ကိစ္စတစ်ခုလို အရေးတယူမလုပ်ကြပါဘူး။

စစ်တပ်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့အခြေအနေမပျက်ဖို့ကိုပဲ အသည်းအသန်ကြိုးစားနေပြီး ဘယ် လောက်ပဲ အခြေအနေဆိုးပါစေ တပ်ကိုပဲ ကာကွယ်ဖို့ လုပ်မှာပါ။ ဒီအချိန်မှာ ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှုကတော့ ဖြည်းဖြည်းမှန်မှန်ပဲ မြို့ကြီးတွေဆီကို တိုးလာနေပါတယ်။

အပျက်အစီးတွေ၊ ဆုံးရှုံးခံစားရတာတွေ၊ ရာဇဝတ်မှုတွေ၊ စားဝတ်နေရေးအခက်အခဲတွေဟာ ပိုပြီးဆိုးတဲ့ အခြေအနေတစ်ခုစီရောက်လို့လာပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ ဒေသတွင်းက နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဖြေရှင်းပုံကို မပြောင်းလဲဘူးဆိုရင် ဒုက္ခတွေ ပိုကြီးလာပြီး မြို့ကြီးတွေဟာ စစ်မြေပြင်တွေဖြစ်လာနိုင်ပါတယ်။

နိုင်ငံပြိုကျသွားတာကို ကာကွယ်ဖို့အတွက်၊ မြန်မာလူထုက ပိုပြီး ဆိုးတဲ့ ကပ်ဘေးအသွယ်သွယ်ထဲကို မကျရောက်သွားဖို့အတွက်ဆိုရင် မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်ကို ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါ စစ်တပ်ပါမှ ဖြေရှင်းလို့ရမယ် ဆိုတဲ့ ရှု‌ထောင့်ကနေ ချဉ်းကပ်နေတာကို ပြောင်းကြဖို့လိုပါတယ်။ အဓိက ရည်မှန်းပြီး ဆောင်ရွက်ဖို့လိုနေတာက မင်းအောင်လှိုင်နဲ့ သူ့ စစ်အုပ်စုက ပြုတ်ဖို့ပါ။

တကယ်လိုအပ်နေတာက မင်းအောင်လှိုင်နဲ့ စစ်တပ်မပါဘဲ ကျန်တဲ့ လူတွေအားလုံးကြားမှာ နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ဖို့ပါ။ ဒီနည်းကို လုပ်မှ မင်းအောင်လှိုင်နဲ့စကစ ကို ဖယ်ဖို့ လိုပြီဆိုတာကို စစ်တပ်ကို အချက်ပြပြီးသားဖြစ်မှာပါ။ ထိုင်းနိုင်ငံက အခုဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ လာအိုက ဦးဆောင်တဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယ က စစ်အုပ်စုကို အကြပ်အတည်းထဲက ဆွဲထုတ်ပေးပြီး ယာယီအပစ်အခတ်ရပ်ဖို့ သံတမန်နည်းအရ လုပ်တာတွေဟာ အရာမထင်ဘူးဆိုတာ ထင်ရှားခဲ့ပါပြီ။ ဘယ်လိုပဲ သားရိုင်းကို ယဉ်အောင်လုပ်ဖို့ ကြိုးစားပေမယ့် အချည်းအနှီးဖြစ်ခဲ့ပါပြီ။ တစ်နှစ်အချိန်ပိုကြာလာခဲ့ပြီး ပိုပြီးကြီးတဲ့ စစ်ဆီကိုပဲ ဆွဲခေါ်လာပါတယ်။

မြို့ကြီးတွေဆီကို ဓားစားခံလုပ်ပြစ်ဒဏ်ပေးမယ့် ခြေလှမ်းတွေဆီပဲ ရောက်လာခဲ့ပါတယ်။ မြန်မာပြည်က အရပ် သားပြည်သူနဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့တွေအနေနဲ့ ရွေးချယ်စရာ အများကြီး ရှိနေတဲ့ အနေအထား မဟုတ် ပါဘူး။ သူတို့မှာ လွတ်မြောက်ဖို့ကို အဆုံးထိရုန်းကြဖို့ပဲ ရွေးစရာရှိပြီး တကယ်လည်း လွတ်မြောက်သွားနိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လူတွေ အများကြီး စွန့်ခွာထွက်ပြေးနေကြရတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်လာမှာပါ။ ဒီနှစ်ခုကလွဲလို့ မြန်မာပြည်သူတွေမှာ တခြားရွေးစရာမရှိပါဘူး။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင်​တော်လှန်ရေး လှုပ်ရှားမှုများကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းသဖြင့် လူထုက တန်ပြန်လှုပ်ရှားမှုများ လုပ်ခဲ့ကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article