ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ် ပိတ်လိုက်ပြီး ယနေ့ ပြည်တွင်းလေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်း၊ ဗန်းမော်လေဆိပ်လည်း ရက်အကန့်အသတ်မရှိ ပိတ်
ရန်ကုန်၊ မတ် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်ကို ယနေ့ ပိတ်သိမ်းလိုက်ပြီး မြစ်ကြီးနားမှ ထွက်ခွာမည့် ပြည်တွင်းလေယာဉ်ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မြစ်ကြီးနားလေဆိပ်ပိတ်လိုက်တယ်။ ဒီမနက် ၁၁ နာရီ ၃၀ မှာထွက်မယ့် မြစ်ကြီးနား-ရန်ကုန် လေယာဉ်ခရီးစဉ်လည်း ဖျက်သိမ်းတယ်။ ပထမ လေယာဉ်နောက်ကျသလိုလိုနဲ့ နောက်မှ လေဆိပ် ပိတ်တယ်လို့ပြောတယ်။ ခရီးသည်တွေတော့ ပြန်လာကြပြီ” ဟု ခရီးသွားလေယာဉ်လက်မှတ် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ညပိုင်း မြစ်ကြီးနားတွင် ပေါက်ကွဲသံများ တောက်လျှောက် ထွက်ပေါ်ခဲ့ပြီး မြစ်ကြီးနား လေ ဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် Mi 17 ရဟတ်ယာဉ်ပျက်စီးပြီး အခြားလေယာဉ်တစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၇ ရက်နေ့ နံနက်ပိုင်း ဗန်းမော်လေဆိပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် လေယာဉ်ပြေးလမ်းပျက်စီးကာ လေယာဉ်ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြစ်ကြီးနားလေဆိပ်။ (ပုံအဟောင်းဖြစ်ပါသည်။)