25 C
Yangon

ရေး-ထားဝယ် လမ်းပိုင်းတွင် တော်လှန်ရေး တပ်ပေါင်းစုက နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် မလွဲတောင်ဂိတ်မှ စစ်သားများ ထွက်ပြေး

Must read

စစ်တပ်၏ ကုမ္ပဏီ တစ်ခုမှ ကား ၁ စီးကို သိမ်းဆည်းခဲ့ပြီး ဝန်ထမ်းများကို ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်၊ မတ် ၂၀

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ် ရေး-ထားဝယ် အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးတွင် တော်လှန်ရေး တပ်ပေါင်းစုက နယ်မြေစိုးမိုးရေး စစ်ဆင်ရေး ပြုလုပ်နေစဉ် မလွဲတောင်ဂိတ်ကို စစ်သားများက သော့ခတ်ပြီး ထွက်ပြေးသွားကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့တွင် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးရှိ ရေး-ထားဝယ် လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင် အကြားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု လုပ်ငန်းများ လုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်သားများက မလွှဲတောင်ဂိတ်ကို သော့ခတ်ပြီး စစ်သားများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ဆင်ရေး စပြီး မကြာမီမှာပဲ မလွဲတောင်မှာရှိတဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ခွေးတွေက တောင်ရဲ့ တံခါးကြီးကို ပိတ်ချပြီးတော့ ထွက်ပြေးတိမ်းရှောင်တယ်လို့ သတင်းရပါတယ်။ ကျွန်တော်ထင်တယ် သူတို့ရဲ့ အင်အား အခြေအနေအရ ဒီမလွဲတောင်ကိုတော့ ကျွန်တော်တို့ စစ်ဆင်ရေး လုပ်နေသမျှကာလ ပတ်လုံးမှာတော့ သူတို့ ရှောင်နေလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး တပ်ပေါင်းစုက အမှတ် ၈ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့်လည်းတွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ထောက်တိုင်များ ဖြတ်သန်းသွားလာမှုများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး မဟာမိတ်တပ်များဘက်မှ စတင် စစ်ဆေးချိန်တွင် မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူများ၏ သွားလာမှုလမ်းကြောင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သိရသည်။

“ကျွန်တော်တို့ မွန်၊ တနင်္သာရီ ဒေသ PDF တွေ ပေါင်းပြီးတော့ နယ်မြေစိုးမိုးရေး၊ လမ်းကြောင်း ထိန်းချုပ်ရေးဆိုတဲ့ စီမံချက်နဲ့ ကျွန်တော်တို့ မနက် ၈ နာရီကနေ ညနေ ၃ နာရီထိ စစ်ဆေးရေး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးရေးနဲ့ နယ်မြေစိုးမိုးရေး စစ်ဆင်ရေး လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ စစ်ခွေးတွေတော့ မမိပါဘူး။ ဒါပေမယ့် စစ်ခွေးနဲ့ နီးစပ်တဲ့ ကုမ္ပဏီ တစ်ခုရဲ့ ကား ၁ စီးကိုတော့ သိမ်းဆည်းခဲ့တယ်ပေါ့။ ဖမ်းမိတဲ့ ဝန်ထမ်းကိုတော့ ကျွန်တော်တို့ ကျွန်တော်တို့ တာဝန်အရ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းသွားပြီးတော့ သူတို့ရဲ့ သူတို့ရဲ့ ပြစ်မှုပေါ်မှာ မူတည်ပြီးတော့ အရေးယူမှုတော့ ရှိလိမ့်မယ် အတိအကျတော့ စစ်ဆေးမေးမြန်းနေအုန်းဆိုတော့ မသိရသေးပါဘူး။ စစ်ခွေးတွေကိုတော့ ဖမ်းဆီးမိတာတော့ မရှိပါဘူး” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်သောကြောင့် ရေး-ထားဝယ် လမ်းပိုင်းကို ပြည်သူများ အနေဖြင့် ခရီးသွားတာခြင်း မပြုလုပ်ရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် ထိစပ်နေသော ကျေးရွာများတွင် နေထိုင်သော ပြည်သူများ အနေဖြင့် ကြိုတင် ရှောင်ရှားမှုများ လုပ်ဆောင်ရန် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

“စစ်ခွေးတွေရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကျွန်တော်တို့ အခုလို နယ်‌မြေစိုးမိုးရေးနဲ့ လမ်းကြောင်းထိန်းချုပ်ရေး လုပ်ငန်းတွေကို ရှေ့ဆက်ပြီးတော့ အများကြီး လုပ်သွားဖို့ရှိတယ်။ တစ်ချိန်တည်းမှာပဲ စစ်ခွေးတွေရဲ့ တပ်စခန်းတွေကိုလည်း ကျွန်တော်တို့ စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်ပြီး ဆက်တိုက်သွားဖို့ရှိတယ်။ အဲတော့ ပြည်သူတွေကို ပြန်ကြားလိုတာကတော့ အရေးကြီးတဲ့ အကြောင်းအရာမရှိဘဲ ခရီးသွားတာတွေကို လုံးဝ မလုပ်ဖို့ မေတ္တာရပ်ခံလိုတယ်။ စစ်ရေး အရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်ခွေးတွေကလည်း သေခံနီး ဗရမ်းဗတာနဲ့ ပြည်သူတွေကို ဒုက္ခပေးလိမ့်မယ်။ အဲတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားတာတွေကို ရှောင်ရှားကြပါ ကိုယ့်ရဲ့ အိုးအိမ်တွေမှာလည်း စစ်တပ်တွေနဲ့ နီးတဲ့ နေရာတွေကနေ ရှောင်ရှားကြပါ။ ဖြစ်နိုင်ရင် ကတုတ်ကျင်းတွေ တူးထားကြဖို့ သတိပေးနှိုးဆော်ချင်ပါတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး တပ်ပေါင်းစုသည် မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကိုလည်း ရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နယ်မြေစိုးမိုး ရှင်းလင်းရေးကို နံနက် ၇ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တုံ့ပြန်မှုများ ပြုလုပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က ကင်းထောက်လေယာဉ် ၂ ကြိမ် ပျံသန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်‌ဒေါနတပ်ခွဲ (၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force (YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF‌ ကျောင်းသားတပ်မတော် တပ်ရင်း (၁)၊ Ye Air Force (YAF)၊ KNLA တပ်ရင်း(၂၇) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article