29 C
Yangon

ထန်းတပင်မြို့နယ်၊ လမင်းသာရွာနှင့် ဂွေးကုန်းရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ထန်းတပင်မြို့နယ်၊ လမင်းသာရွာနှင့် ဂွေးကုန်းရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၁

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လမင်းသာရွာနှင့် ဂွေးကုန်းရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၈ ရက်နေ့တွင် ထန်းတပင်မြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ လမင်းသာကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးသိန်းမြင့် လက်နက်ကြီး ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့တွင်လည်း ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာ အတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ အသက် ၇၀ အရွယ် ဦးတင်ဆောင်ကို ဖမ်းဆီးကာ ဓာတ်ဆီလောင်း၍ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU-မူတြော် က ထုတ်ပြန်ထားသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၅ နာရီမိနစ်မှ ၆ နာရီထိ အကြမ်းဖက် စစ်တပ်က မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာနှင့် လူသွားလမ်းပိုင်းကို ဒရုန်းဖြင့် ၃ ကြိမ်ဝဲပျံကာ ဒရုန်းဗုံးသီး ၂၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၆ နာရီ ၂၂ မိနစ်ခန့်တွင် ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိ စောခလီးလိုကျေးရွာအတွင်းကို ဒရုန်းဗုံးသီး ၈ လုံးကျဲချခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၅၅ မိနစ် အခထိ အကြမ်းဖက် စစ်တပ်က မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး ၇၄ လုံးကျဲချခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၂၀ မိနစ်မှ ၅ နာရီ ၃၅ မိနစ်ထိ အဆိုပါ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာများ အတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်း ဗုံးသီး ၆၃ လုံးထပ်မံ ကျဲခဲ့ကြောင်း၊ ညနေ ၄ နာရီ ၂၃ မိနစ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ၂ စီးသည် တာဘူကျိုးနေရာကို လာရောက်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ စားနပ်ရိက္ခာများကျဲချပေးခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီ အထိ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းကို ဒရုန်းဗုံးသီး ၅၀ လုံးကျဲချခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၂ ရက်အတွင်း အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီး စုစုပေါင်း ၂၂၂ လုံးကျဲချ တိုက်ခိုက်က ထူမောဒဲ၊ တာဒိုထာနှင့် နီးဒိုထာကျေးရွာများမှ ပြည်သူ ၁၂၅၁ ဉီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article