29 C
Yangon

ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို လမ်းကြောင်းဖြတ်တောက် ပိတ်ဆို့ထားပြီဖြစ်၍ တပ်အားလုံး အလုံးစုံ ထွက်ခွာသွားကြရန် KNU တပ်မဟာ ၅ က သတိပေးကြေညာ

Must read

ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို လမ်းကြောင်းဖြတ်တောက် ပိတ်ဆို့ထားပြီဖြစ်၍ တပ်အားလုံး အလုံးစုံ ထွက်ခွာသွားကြရန် KNU တပ်မဟာ ၅ က သတိပေးကြေညာ

ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဗျူဟာအခြေချ စဗခ(၁)ရတခ လက် အောက်ခံတပ်ရင်းစခန်းများ အားလုံး တည်ရှိ ကူးလူးသွားလာရာလမ်းများကို KNU တပ်မဟာ ၅ နှင့် တော် လှန်ရေးတပ်များအားလုံးက ဝိုင်းဝန်း ပိတ်ဆို့ဖြတ်တောက်ထားကြောင်း KNU တပ်မဟာ ၅ က ကြေညာသည်။

မတ်လ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်၏ စဗခ(၁)ရတခ လက်အောက်ခံတပ်ရင်းစခန်းများ တည်ရှိသည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာ၏ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံးပြန်လည် ရုပ်သိမ်းရန်နှင့် ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ်ရမည် ဆိုသည့် ထုတ်ပြန်စာအရ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုပင် ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုပါ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့၏တပ်စခန်းများကို အခိုင်အမာမွန်းမံပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ မဟာဗျူ ဟာလမ်းကြောင်းဖောက်လုပ်ခြင်းများကို တိုးချဲ့ကာ ကရင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏စစ်အုပ်ချုပ်ရေးယန္တရားကို အစီအစဥ်တကျအခိုင်အမာတည်ဆောက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မတရားအာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူများအပေါ်နှိပ်စက်ညှင်းပန်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဥ်ရက်ဆက်ပြုလုပ်နေသလို ဂျက်တိုက်လေယာဥ်၊ လက်နက်ကြီးများဖြင့် အပြစ်မဲ့ပြည်သူများနေထိုင်သွားလာရာနေရာသို့ တမင်ရည်ရွယ်ပစ်ခတ်နေ၍ အပြစ်မဲ့အရပ်သားပြည်သူများသေကျေခြင်း၊ ဒဏ်ရာအနာတရ ရရှိခြင်းနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းများ နေ့စဥ်နှင့်အမျှရင်ဆိုင်ကြုံတွေ့နေကြရ၍ ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ တိမ်းရှောင်ရာတွင်လည်း စားနပ်ရိက္ခာများသယ်ဆောင်နိုင်ခြင်းမရှိ၍ အပြစ်မဲ့ပြည်သူများသည် ရိက္ခာအစားအသောက်၊ ဆေးဝါးနှင့်တာလပတ်မိုးကာများအရေးပေါ်လိုအပ်လျက်ရှိနေကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်က ယခုနှစ် မတ်လမှ စတင်ကာ ဂျက်တိုက်လေယာဥ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများပစ်ခတ်မှုကြောင့် မြို့တွင်းနေ ပြည်သူနှင့် မြို့နှင့်အနီးတဝိုက်ရှိ လူဦးရေ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် ရှိသည့် ပြည်သူများသည်လည်း နေ့စဥ်နှင့်အမျှ အကြမ်းဖက်စစ်တပ်၏တိုက်လေယာဥ်များ၊ ဒရုန်းများဖြင့် ဝဲပျံကာကင်း‌ထောက်နေမှုကြောင့် တောတောင်လျှိုမြောင်ကြားတွင် တိမ်းရှောင်ပုန်းအောင်းနေကြရကြောင်း သိရှိရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ စခန်းများ၊ ဖာပွန်မြို့အခြေစိုက်တပ်ရင်းများနှင့် တစ်နိုင်ငံလုံးစစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖာပွန်မြို့အခြေစိုက်တပ်စခန်းများ၏ကူးလူးဆက်သွယ်ရာလမ်းများအားလုံးဖြတ်တောက်ထားခြင်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက်တပ်ရင်းများအလုံးစုံထွက်ခွာသွားရန် ဖိအားပေးလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article