30 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာရွာ ၊ ကျောင်းကုန်းရွာ နှင့် ဖိုလ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က အင်အားသုံး၍ လူငယ်များ စစ်သင်တန်း တက်ရောက်ရန်အတွက် စာရင်းကောက်ယူရန် စစ်ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မဝင်ရောက်မီ ရှေ့ကင်းများချ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး အင်အားအလုံးဖြင့် လာရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်ထံ စစ်မှုထမ်း၍ သားသမီးများကို အသတ်အသေမခံနိုင်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိမ်းရှောင်လာသော ပြည်သူများကို တော်လှန်ရေး ရဲဘော်များက ဘေးလွတ်ရာခေါ်ထုတ်ပေးခဲ့ပြီး နေထိုင်ရေး စီစဉ်ပေးထားကာ ၎င်းတို့၏ ရိက္ခာများဖြင့် ကျွေးမွေးစောင့်ရှောက်ထားကြောင်း၊ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်တို့သည် အကြမ်းဖက် စစ်တပ်၏ ပျူစောထီး အထိုင်ကျေးရွာများနှင့် အလွန်နီးကပ်ခြင်းကြောင့် အမြဲတမ်း ပြည်သူများ စစ်ဘေးရှောင်ရပြီး တချို့ရွာများသည် ၁ နှစ် နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယင်း တိုက်နယ်များတွင် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာသောကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် ၎င်းတို့ စိုးမိုးထားသည့် ကျေးရွာ အများအပြားရှိ အိမ်ထောင်စုစာရင်းနှင့် တိုက်စစ်ကာ စစ်သင်တန်း တက်ရောက်ရန် အတင်းအကျပ် ဖိအားပေး၍ လျှောက်လွှာ ဖြည့်ခိုင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ရပ်ဝေးသို့ ပြောင်းရွှေ့နေကြသူများကိုပါ မဖြစမ‌နေပြန်ခေါ်ရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article