39 C
Yangon

တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်

Must read

စစ်တပ် စစ်ကြောင်းက ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီ

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်-ရေဦးမြို့နယ်-ခင်ဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့က တန့်ဆည်မြို့ပေါ်မှ ထွက်လာသည့် ကန့်ဘလူ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် အကြမ်းဖက် စစ်သား အင်အား ၁၃၀ ကျော်သည် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ခရစ်ယာန် ဘာသာဝင် အမျိုးသား ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရစ်ယာန်သုဿာန်ထဲ၌ ပြည်သူ ၁ ဦးကို ခေါင်းဖြတ် သတ်ကာ ကျန် ၁ ဦးကို လည်ပင်းကို ကြိုးဖြင့်ချီ၍ သစ်ပင်၌ တွဲလောင်းချီကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချောင်းရိုးရွာသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးခဲ့ပြီး ဘုရားကျောင်းတစ်ခုသာ မီးမလောင်ဘဲ ကျန်ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းရိုးရွာရှိ ကြက်ခြံ ၃ ခြံနှင့် ကားလမ်းဘေးရှိ စားသောက်ဆိုင်ခန်း ၅ ဆိုင်၊ နေအိမ် ၄ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ်၊ ဗိုလ်ရုံရွာကို ဆက်လက် စစ်ကြောင်းထိုးလာပြီး ဗိုလ်ရုံရွာကို မဝင်ရောက်မီ ရေဦးမြို့ အထိုင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဗိုလ်ရုံရွာနှင့် ပန်းကုံးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီး ၁၂၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ရုံရွာမှ အသက် ၄၀ ကျော် အရွယ် ဒေါ်ကြူနှင့် အသက် ၇၀ အရွယ် ဒေါ်အုန်းရင်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ တပ်သားများသည် ဗိုလ်ရုံရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းတွင် ဗိုလ်ရုံရွာမှ ပန်းကုံးရွာကို ထပ်မံ ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ပန်းကုံးရွာထိပ်မှ မူးချောင်းကို ဖောင်များနှင့် အရှေ့ဘက်ကို ဖြတ်ကူးပြီး ဖိန်းကားရွာကို ထပ်မံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖိန်းကားရွာကို ဝင်ရောက် သွားပြီးနောက် ဒဏ်ရာရ စစ်သားများကို ရေဦးမှ လာကြိုသည့် ကားကြီးများဖြင့် တင်ဆောင်ကာ ရေဦးမြို့ကို ခေါ်ဆောင်သွားပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခြေလျင် စစ်ကြောင်းဖြင့် မြို့ထဲကို ဝင်ရောက်သွားကြောင်း သိရှိရသည်။

မတ်လ ၂၅ ရက်နေ့တွင် ရေဦးမြို့ထဲ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခင်ဦးမြို့ထဲကို ထပ်မံ စစ်ကြောင်းထိုးနေခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် မုံလှရွာကို မီးရှို့ပျက်စီးခဲ့ကြောင်း သိရသည်။

“မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က တန့်ဆည်မြို့နယ် ချောင်းရိုးရွာမှာရှိတဲ့ ကြက်ခြံ ၃ ခြံ ၊ နေအိမ် ၄ လုံး ကားလမ်းဘေးက စျေးဆိုင်၅ ဆိုင်ကို မီးရှို့ခဲ့တယ်။ အသတ်ခံရသူက ချောင်းရိုးရွာသားနဲ့ ဖန်းခါးဇင်ရွာသားပါ။ ချောင်းရိုးရွာထိပ်က ပြည်သူတွေစုပေါင်း ဆောက်လုပ်ထားတဲ့ ဇရပ်ပါ မကျန် မီးရှို့သွားတာ အဲ့ဒီဝါသဝ ပျူစစ်ကြောင်းက မနေ့က ခင်ဦးနယ် မုံလှရွာကို မီးရှို့ပြီး ရေဦးနယ် အောင်သာယာပျူရွာကနေ ကန့်ဘလူနယ် ကာဘိုးဘက်ပြန်ဝင်သွားပြီ အဲ့ဒီ ဝါသဝပျူစောထီးစစ်ကြောင်းမှာ ကန့်ဘလူနယ်ဘက်က မဘသ ဘုန်းကြီး ၃ ပါး ဦးဆောင်ပြီး လိုက်ပါလာတယ်။ အခုတခေါက် သူတို့ ရှို့သွားတဲ့ရွာတွေက ခရစ်ယာန်ရွာတွေချည်းပဲရှို့သွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ် #စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article