25 C
Yangon

မင်းပြားနှင့် မြေပုံမြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၊ အရပ်သားများ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅၀ နီးပါး ပျက်စီး

Must read

မင်းပြားနှင့် မြေပုံမြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၊ အရပ်သားများ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅၀ နီးပါး ပျက်စီး

ရန်ကုန်၊ မတ် ၃၀

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း အပါအဝင် လူနေအိမ် ၅၀ ခန့် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

မတ် ၂၉ ရက်နေ့ ညဉ့် ၁၁ နာရီ ဝန်းကျင်လောက်က မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ သေကန် ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ၃ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ရဟန်းတော်တစ်ပါးနှင့် ကျေးရွာသားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သေကန်ကျေးရွာကို စစ်ကောင်စီက ယခုတစ်ကြိမ် လေကြောင်းမှ ပစ်ခတ်ခြင်းမှာ လေးကြိမ်မြောက်ဖြစ်ပြီး ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ အပါအဝင် နေအိမ်အများအပြား ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပထမ အကြိမ်တုန်းမှ စစ်ကောင်စီ လေကြောင်းမှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ သေကန် ကျေးရွာသားတစ်ဦးက “မနေ့က ညဉ့် ၁၁ နာရီလောက်ရှိမယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ သုံးကြိမ်တိတိ လာကြဲတယ်။ ပထမတစ်လုံး ဗုံးကြဲလိုက်တုန်းက ဘုန်းတော်ကြီး ကျောင်းအပြင်ဘက် ကောက်ရိုးပုံနဲ့ တဲတစ်ဆောင် မီးလောင်သွားတယ်။ ထပ်ကြဲတဲ့ ဗုံးတွေမှာ သေကန် ကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါး ပျက်စီးသွားတယ်။ ပြီးတော့ ရွာထဲက နေအိမ် ၅၀ နီးပါးပျက်စီးသွားတယ်။ ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရတယ်။ အရပ်သားတွေ အများအပြား ဒဏ်ရာရတယ် “ဟုပြောသည်။

ယခင် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် သေကန်ကျေးရွာမှ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပျက်စီးသွားခဲ့ရကြောင်း သေကန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် သေကန်ကျေးရွာက အမျိုးသမီးတစ်ဦးက “အစ်မတို့ အိမ်ဆိုရင် ဗုံးက တည့်တည့်ကျတယ်။ အခု တစ်ကြိမ်ဆိုရင် လေးကြိမ်မြောက်ဖြစ်နေပါပြီ။ ပထမအကြိမ်တုန်းကဆိုရင် အစ်မတို့အိမ်ကို တည့်တည်လာကျတာပါ။ အဲ့လို ကျတာ နေအိမ် သုံးလုံးရှိတယ်။ လုံးဝပျက်စီးသွားတာ။ တော်သေးလို့ အဲ့ဒီအချိန်မှာ လူတွေ မရှိလို့ပါ”ဟုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီ လေကြောင်းမှ ပစ်ခတ်မှုမှာ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ပြည်သူများထိခိုက် ရရှိမှုအပြင် နေအိမ်များ ပျက်စီးမှုနှင့် ကုန်စုံဆိုင်များနှင့် သိုလှောင်ထားသည့် စပါးများ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန်ခန့်က မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်ခန့်မှ စ၍ ညနေပိုင်းအထိ ကဇူကိုင်းဖက်က စစ်ရေယာဥ်တို့မှ ကမ်ထောင်းကြီးသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မတ် ၃၀ ရက်နေ့ နံနက် စောစောက မြေပုံမြို့နယ်၊ စညှင်းကုန်း ကျေးရွာကိုလည်း ဂျက်ဖိုက်တာတစ်စီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နှစ်မြို့သည် ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့်မြို့ဖြစ်ပြီး စစ်ကောင်စီ လေကြောင်းက မကြာခဏ ပစ်ခတ်မှုများရှိပြီး ယင်းပစ်ခတ်မှုကြောင့် ဒေသခံများမှာ ယခုရက်ပိုင်းအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှု များပြားလာနေခြင်း ဖြစ်သည်။

လက်နက်ကြီး ကျရောက်မှုကြောင့် ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များအပြားလည်း နေ့စဉ်ရက်ဆက် မီးလောင်ပျက်စီးမှုများ ရှိနေပြီး မြို့ခံ ကျေးရွာသားများမှာလည်း နီးစပ်နေရာများကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သေကန် ကျေးရွာမှာ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ ဗုံးခွံများ။ ဓါတ်ပုံ-အဖိုးသျှင်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article