၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို MRTV 4 နှင့် Channel 7 ရုပ်သံလိုင်း ပိုင်ရှင် Forever Group ကုမ္ပဏီက အဓိက ကူညီပေးနေ
ရန်ကုန်၊ မတ် ၃၁
၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် MRTV-4 နှင့် Channel-7 ကို ထုတ်လွှင့်နေသည့် Forever Group က အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ရာတွင် အဓိက ကူညီပံ့ပိုးပေးနေသည်ဟု သိရှိရသည်။
၂၀၁၉ ခုနှစ်မှ စ၍ အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းများကို ရိုက်ကူးရာတွင် ကက(ပြည်)နှင့် Forever Group တို့ နာရီ ၁၁၀ ဇာတ်ကား အတူပူးပေါင်း ရိုက်ကူးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ‘တစစ်တမက် ကိုယ်နှင့် သက်ကို ‘အမည်ရ ဇာတ်ကားကို MRTV-4 ၏ ဇာတ်ဆောင် Talents များစွာနှင့် ရိုက်ကူးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း ‘ကြယ်နှင့်အတူ’ ဇာတ်လမ်းတွဲ၊ ၂၀၂၂ ခုနှစ်တွင် ‘အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့’ ဇာတ်လမ်းတွဲ၊ ၂၀၂၃ ခုနှစ်တွင် ‘စောင်နီလေးတစ်ထည်’ ရုပ်ရှင်’၊ ၂၀၂၃ ခုနှစ် ရေတပ် ၇၅ နှစ်ပြည့်အတွက် ‘ကြယ်ညွှန်ရာသစ္စာ’ ဇာတ်လမ်းတွဲ စသည်တို့တွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ရိုက်ကူးရေးပိုင်းများတွင် Forever Group MRTV-4 က အဓိကပံ့ပိုးကူညီရိုက်ကူးထားခြင်း ဖြစ်ကြောင်း ရုပ်ရှင်အသိုင်း အဝိုင်းက ပြောကြားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တွင်လည်း ‘သက်ရှိစည်းရိုး’ ဇာတ်ကား၊ ‘တွဲလက်တူစုံ ချစ်ရိပ်မြုံ’ ဇာတ်ကား၊ ‘တုနှိုင်းမမီသည့် စံ’ စသည့် အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်ချိရေးရုပ်ရှင်ဇာတ်ကား အားလုံး၏ ရိုက်ကူးရေးပိုင်းနှင့် သရုပ်ဆောင်များသည် MRTV-4 က အဓိက ပံ့ပိုးကူညီရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ် ဝါဒဖြန့်ဇတ်ကားများကို ကူညီရိုက်ကူး ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း စစစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ကြေညာခဲ့ပြီး စစ်တပ် ဝါဒဖြန့် ‘တွဲလက်တူစုံ ချစ်ရိပ်မြုံ’ ဇာတ်ကား၏ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာစာရင်းတွင် ရိုက်ကူးထုတ်လုပ်ရေးအဖြစ် ဒေါက်တာဟိန်းထက်အေး(Forever Group) မည်ကို ဖော်ပြခဲ့သည်။
Forever Group ၏ CEO သည် ဦးဝင်းမော်ဖြစ်ပြီး ၎င်းကို လတ်တလောတွင် လူမြင်ကွင်းတွင် သိပ်မတွေ့ရဘဲ ဦးဝင်းမော်၏ သမက် ဖြစ်သူ ဒေါက်တာဟိန်းထက်အေး ကို အဓိက ပွဲထုတ်နေခြင်းဖြစ်သည်။
ထို့ပြင် Forever Group သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ၏ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်သည့် Media 7၊ အာဏာရှင်ဟောင်း သန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့်နှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်(မြတ်မေတ္တာမွန်ဆီဆိုင်) ၏ သား ထွဠ်ခိုင်ဝင်းတို့အတူလုပ်ကိုင်သည့် Hey play entertainment Appတို့နှင့်အတူပူပေါင်းပြီး Forever Group ၏ ရုပ်သံ Channel 7 တွင်လည်း ဇာတ်လမ်းတွဲများထုပ်လွှင့်ပြသလျက်ရှိသည်။
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း Forever Group က အဓိကပါဝင်ကူညီခဲ့ပြီး MRTV-4မှ Talents ဇာတ်ဆောင်များ၊,MRTV-4 ၏ ဝါရင့်အစီအစဉ်တင်ဆက်သူများက အကယ်ဒမီပေးပွဲ အစီအစဉ်ကြေညာသူများအဖြစ် ပါဝင်ခဲ့ကြသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်ကို အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ၅၀၅-က ဖမ်းဝရမ်းထုတ်ပြန်ကြေညာချက်ထွက်လာသည့်အခါတွင်လည်း ဖမ်းဝရမ်းကို ပယ်ဖျက်လိုသည့် အနုပညာရှင်များကို ခံဝန်ထိုးရန် စီစဉ်ပေးသူများတွင်လည်း Forever Group ပါဝင်ကြောင်း သိရှိရသည်။
စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၏ တူမအရင်းစုလင်းရှိန်သည် MRTV-4 ၏ ဇာတ်ဆောင်(Talents) တစ်ယောက်ဖြစ်ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေလက်ထက်တွင် မြန်မာ့ရုပ်ရှင်ကို အဟန့်အတားအဖြစ်ရှိခဲ့သည့် ဆင်ဆာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးသိန်းထွန်းအောင် သည် လက်ရှိတွင် Forever Group MRTV-4 ၏ ထုတ်လုပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။
လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကို အနုပညာနှင့် အာရုံလွှဲရန် MRTV-4 က ဇာတ်လမ်းတွဲများထုတ်လွှင့်ပြသပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပြည်သူများ စိတ်ဝင်စားမှုမရှိစေရန် ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ- Forever Group ကုမ္ပဏီက အဓိက ကူညီထုတ်လုပ်ပေးနေသည့် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်ဇတ်ကားများ။