25 C
Yangon

မွန်ပြည် ပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာ

Must read

ရန်ကုန်၊ ဧပြီ ၁

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ နိုင်ငံရေးကြေညာချက်တွင် ဖော်ပြထားသည်။

NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံဘဲ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း မွန်ပြည်ကို တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာလာခြင်းဖြစ်သည်။

နိုင်ငံရေးရပ်တည်ချက်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိစေရေးအပြင် နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှု ကိုမှ လက်မခံကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ်အခြေခံစံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံ ဖြင့် ခုခံတော်လှန်နေကြသည့် အစုအဖွဲ့များအားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများတွင် ပူးပေါင်းပါဝင်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ မြန်မာနိုင်ငံပြဿနာအဖြေရှာရေး လုပ်ငန်းစဉ်များတွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည။

နိုင်ငံရေးဦးတည်ချက်အနေနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်၊ မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်၊ မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေး အပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်တို့ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မွန်ပြည်တည်ဆောက်ရာတွင်လည်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း၊ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရှိခြင်း၊ လူနည်းစုအခွင့်အရေးကို အပြည့်အဝ အာမခံပေးခြင်း၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစားအသိအမှတ် ပြုခြင်း၊ ဂျန်ဒါတန်းတူမှုရှိခြင်း၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင် စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ စုပေါင်းခေါင်းဆောင်မှု ရှိခြင်းတို့ စသည့် ပြည်ထောင်စု၏ အခြေခံ စံတန်ဖိုးများအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မွန်ပြည်တည်ဆောက်နိုင်ရန်အတွက် မွန်တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခြင်း၊ အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဖယ်ရှားပြီး မွန်ပြည်ကြားကာလနှင့် ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားကာ တော်လှန်ရေး အင်အားစုအားလုံး ပါဝင်သော အသွင် ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခြင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်း၊ အသွင်ကူးပြောင်းကာလတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းအတည်ပြုခြင်းများ လုပ်ဆောင်မည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ဆိုသည်။

ပြည်နယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊ အသွင်ကူးပြောင်းရေးကာလတွင် တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ယင်းဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု အစိုးရဖွဲ့စည်းခြင်း၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိစေရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ နိုင်ငံရေးရပ်တည်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားခဲ့ပြီး ဖြစ်ပြီး နိုင်ငံရေးရပ်တည် ချက်တူညီသော အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လက်တွဲပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် ယခုကဲ့သို့နိုင်ငံရေး ရပ်တည်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article