25 C
Yangon

ဖျာပုံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက်ပြီး ထောင်ဖောက်မှု ကျူးလွန်သည်ဟု လိမ်လည် သတင်းထုတ်ပြန်၍ စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်း

Must read

စစ်တပ် ဖြိုခွင်းမှုအတွင်း နိုင်ငံရေး အကျဉ်းသား ၂၀ ဦး အပြင်းအထန် ဒဏ်ရာရပြီး ဆေးဝါးကုသရန် လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၃

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက်ပြီး ထောင်ဖောက်မှု ကျူးလွန်သည်ဟု လိမ်လည် သတင်းထုတ်ပြန်၍ စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖျာပုံအကျဉ်းထောင်၌ ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်‌နေရသည့် အသက် ၃၃ နှစ် အရွယ် တရားခံအဖြစ် မတရားရုံးမှ အမိန့်ချထားခြင်း မရှိသေးသည့် ကိုနန်းလင်းအောင်ကို တန်းပိတ်ထားချိန်တွင် အကြောင်းပြချက်မရှိဘဲ အကျဉ်းဦးစီး ဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ ဝင်ရိုက်ရောက် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်း တန်းပြန်ဖွင့်ချိန်၌ အခန်းပြင်ပတွင် သွားလာခွင့်ရသည့်အတွက် အဆိုပါ ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် တပ်ကြပ်ကြီး၊ အိပ်ဆောင် အဆောင်မှူးနှင့် ဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့်မရှိကြောင်း တင်ပြခဲ့ပြီ အိပ်ဆောင်အဆောင်မှူးနှင့် ထောင်ဝန်ထမ်းငယ်များက လက်မခံကြောင်း အော်ဟစ်ပြောဆိုရာမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပဋိပက္ခ ဖြစ်ပွားချိန်အတွင်း ကောင်းမွန်စွာ ဖြေရှင်းမှုမပြုဘဲ ဖျာပုံအကျဉ်းထောင် ထောင်အာဏာပိုင်များက စစ်တပ်နှင့် ရဲကို နိုင်ငံရေး အကျဉ်းသားများနှင့် အခြားရာဇာဝတ်အကျဉ်းသားများ ပူးပေါင်း၍ ထောင်ဖောက်ရန် ကြံစည်နေကြကြောင်း သတင်းအမှား‌ ပေးပို့ခဲ့ပြီး တကယ့်မြေပြင်တွင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း တိကျခိုင်မာသည့် အထောက်အထားများကို ရယူထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အကျဉ်းထောင်အတွင်း မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်တပ်နှင့် ရဲများ အကျဉ်းထောင်သို့ ဝင်ရောက်ပြီး သေနတ်ပစ်၍ ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သေနတ်ပြစ်ခတ်မှုအသံ ၁၀ ကြိမ်နှင့်အထက်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများစွာ မတရားရိုက်နှက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိတိုင်အောင် အကျဉ်းထောင်ဝန်ထမ်းများကို ထိခိုက်ဒဏ်ရာရရှိစေရန် ပါဝင်ခဲ့သူများဟု ယူဆရသူများဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားရာဇဝတ်အကျဉ်းသားများကို ခေါ်ထုတ်၍ ရိုက်နှက် နှိပ်စက်မှုကို ပြုလုပ်ခဲ့ကာ ရိုက်နှက် နှိပ်စက်ခြင်း ခံနေရသူများမှာ အသက် ၂၁ နှစ်မှ အသက် ၆၅ အရွယ်များအထိ ဖြစ်ပြီး စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဥပဒေမဲ့ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ၊ ရဲ နှင့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဥပဒေမဲ့ ရိုက်နှက်ခြင်းကြောင့် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးသည် အပြင်းအထန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူရန် အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း၊ အချို့ နိုင်ငံရေး အကျဉ်းသားများ၏ ခြေထောက်များတွင် ရရှိသော ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်ဘဲ ခွေလှဲကျသည်အထိ ဖြစ်ပွားနေကြောင်း၊ ဧပြီလ ၂ ရက်နေ့ ညအထိ အခြား ရာဇာဝတ် အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းများကိုလည်း ခေါ်ယူ စစ်ဆေးရိုက်နှက်နေဆဲ ဖြစ်ပြီး လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား ၈၀ ကျော်သည်လည်း ရိုက်နှက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပြင် ဓားပြမှုဖြင့် အမိန့်ချခံထားရသည့် ကိုအောင်ကြီးတို့ အပါအဝင် ရာဇဝတ်အကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၈ ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်မှ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် ထောင်စည်းကမ်း ဥပဒေ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီး အဆိုပါ အမိန့်ချထားသူ ၁၈ ဦးကို အကျဉ်းထောင်တိုက်အတွင်း တိုက်ပိတ်ထားကြောင်း သိရှိရသည်။

“ဒီဖြစ်စဉ် မတိုင်ခင် ဖျာပုံအကျဉ်းထောင်ထဲမှာရှိတဲ့ အယောက်၂၀ အပါအဝင် အားလုံးက ကျွန်တော်တို့ ဒီမှာရှိတဲ့ လူတွေက ကျန်းကျန်းမာမာနဲ့ နေထိုင်နေတဲ့ သူတွေဖြစ်တယ်။ သူတို့မှာ ခန္ဓာကိုယ် ထိခိုက်ခဲ့ခြင်း လည်းမရှိသလို ဒီဖြစ်စဉ်မှာ အားလုံးက ကျန်းကျန်းမာမာနဲ့ အသက်ရှင် နေထိုင်သူတွေဖြစ်တယ်။ ဒီရက်ပိုင်းမှာသော်လည်း ဒီလပိုင်းမှာသော်လည်း ဒီလူတွေထဲကတစ်ဦးတစ်ဦး အသက်ဆုံးရှုံးမှု ရှိခဲ့တယ်ဆိုရင်တော့ အဲဖျာပုံထောင်က ထောင်အာဏာပိုင်းတွေ ဖျာပုံမြို့မ ရဲစခန်းက စခန်းမှူး ခရိုင်မှူးတွေ အနေနဲ့တာဝန်ခံရမှာဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အသိပေးပြောကြားလိုတယ်။ အဲအတွက် လက်ရှိ ရိုက်နှက်ခံရသူတွေကို အမြန်ဆုံး ရိုက်နှက်ခြင်းမပြုဖို့နဲ့ လူသားတွေဖြစ်တဲ့အတွက် ဥပဒေမဲ့ ရိုက်နှက်ခြင်းမပြုဘဲ အသိပေးစကားကော သတိပေး စကားကောပြောကြားလိုပါတယ်။ လက်ရှိရိုက်နှက်ခံရတာသူတွေထဲမှာ တရားဥပဒေရဲ့ရှေ့မှောက်မှာ အပြစ်မရှိကြောင်းကို ရင်ဆိုင်နေတဲ့ ပြည်သူတွေများစွာပါတယ်ပေါ့။ အဲဒီတော့ ဒီလိုမျိုး တရားရုံးက အမိန့်မချမမှတ်ခြင်း ထောင်က မပိုင်ဘူးပေါ့။ ဒီလိုမျိုး အပြစ်မဲ့ ပြည်သူတွေကို ဒီနေ့ ဖြစ်စဉ်မှာ ဥပဒေမဲ့ ရိုက်နှက်နေခြင်းက မြန်မာနိုင်ငံရဲ့ တရားရေး အပါအဝင် ခေတ်အဆက်ဆက် လက်ကိုင်ကျင့်သုံးလာတဲ့ ရာဇဝတ် ဥပဒေတွေ အားလုံးကို စစ်ကောင်စီ ၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနက ချိုးဖောက်နေပြီဆိုတာ ပိုပြီးထင်ရှားတဲ့ ပြရုပ်တစ်ခုဖြစ်နေပြီဆိုတာ ပြောချင်ပါတယ်။ ဒီလိုမျိုး အပြစ်မဲ့တဲ့ ပြည်သူတစ်ဦးပေါ်မှာ အကျဉ်းထောင် အာဏာပိုင်အဖွဲ့ကို ရဲတပ်ဖွဲ့အနေနဲ့ကော စစ်တပ် အနေနဲ့ကော ဒီလိုမျိုး ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးကို လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့တရားဝင် သတိပေး ပြောကြားလိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

လက်ရှိ ဖျာပုံအကျဉ်းထောင်ဖြစ်စဉ်တွင် ဖျာပုံထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦး၊ ကျူးလွန်ရာတွင် ဒုတိယတာဝန်ခံအရာရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊‌ ရဲမြင့်၊ ဟိန်းထက်အောင်တို့ အဓိက ပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရပြီး ဧရာဝတီအခြေစိုက် တပ်ရင်း ၉၈ နှင့် မြို့မရဲစခန်းနှင့် ခရိုင်ရဲစခန်းမှ စခန်းမှူးများနှင့် တပ်ဖွဲ့ဝင်များ လည်း ညှဉ်းပန်းနှိပ်စက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ဝန်းရံသူ အခြား ရာဇဝတ်အကျဉ်းသားများအပေါ် ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှုများ အမြန်ဆုံး ရပ်တန့်နိုင်မှ သာလျှင် အကျဉ်းသားများ လက်ရှိပြုကျင့် ခံနေရသည့် ဥပဒေမဲ့ နှိပ်စက်ရိုက်နှက်မှုများ လျော့ကျသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အကျဉ်းထောင်များတွင် လူသားတိုင်း အခြေခံရရှိသင့်သည့် Right to life (အသက်ရှင်သန်ပိုင်ခွင့်)၊ Freedrom from torture (ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်) စသည့် အခြေခံအချက်များပင် မရရှိပဲ ချိုးဖောက်ခံနေရကြောင်း၊ ထိုသို့ ချိုးဖောက်မှုများကို ပြုလုပ်ရန် စေခိုင်းသူများ၊ ကျူးလွန်သူများ ပါဝင်ပက်သက်သူများအပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပေးရန် လိုအပ်လျှက်ရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) အဖွဲ့အနေဖြင့်လည်း မြေပြင်တွင် ထိရောက်သော ကူညီဆောင်ရွက်မှုများ ပြုနိုင်ရန် အတွက် အကျဉ်းထောင်တွင်းသို့ အမြန်ဆုံး ဝင်ရောက်ခွင့်ရရှိအောင်‌ ကြိုးစားရန် နှင့် ကုလသမ္မဂအဖွဲ့ဝင်နိုင်ငံများ၊အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအပေါ်ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေရေး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို အမြန်ဆုံး ဖိအားပေး တောင်းဆိုရန် အလိုအပ်ဆုံးအချိန်ရောက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – မတ်လ ၃၁ ရက်နေ့ ဖျာပုံအကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရိုက်နှက်ခြင်းခံခဲ့ရသူများ အနက် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကိုမြင်ရစဉ် (လမ်းမလျှောက်နိုင်၍ တစ်ဦးကို တစ်ဦး တွဲကူနေရသည်အထိ အခြေအနေဆိုးရွားလျှက်ရှိသည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဖျာပုံအကျဉ်းထောင် #ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက် #စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်း

မတ်လ ၃၁ ရက်နေ့ ဖျာပုံအကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရိုက်နှက်ခြင်းခံခဲ့ရသူများ အနက် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကိုမြင်ရစဉ် (လမ်းမလျှောက်နိုင်၍ တစ်ဦးကို တစ်ဦး တွဲကူနေရသည်အထိ အခြေအနေဆိုးရွားလျှက်ရှိသည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article