36 C
Yangon

ဘူးသီးတောင်၊ အမ်း၊ မြေပုံနှင့် မောင်တောရှိ စစ်ကောင်စီတပ်စခန်းများကို AA က အဓိက ထိုးစစ်ဆင်နေပြီး လုံးရွာအနောက်ဘက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ဘူးသီးတောင်၊ အမ်း၊ မြေပုံနှင့် မောင်တောရှိ စစ်ကောင်စီတပ်စခန်းများကို AA က အဓိက ထိုးစစ်ဆင်နေပြီး လုံးရွာအနောက်ဘက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ အမ်းမြို့နယ်၊ မြေပုံမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က မရပ်မနား အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် တောင်ကြော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

ယခုရက်များအတွင်း ရက္ခိုင့်တပ်တော်က ဘူးသီးတောင်၊ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ အမ်းမြိုနယ်အတွင်းရှိ တောဟိန်းတောင် ဗျူဟာ စခန်းအပါအဝင် ပတ်ဝန်းကျင်ရှိ စခန်းအချို့ ၊ မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို တိုက်ခိုက်လျက်ရှိကြောင်း၊ စခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဧပြီလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ ၅၆၄ တပ်ရင်းဌာနချုပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် မြေပုံမြိုနယ်၊စညှင်းကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီ၏ ပွိင့် ၂၅၇ စခန်းကိုလည်းကောင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူများကို အသုံးပြုပြီးအသည်းအသန် ခုခံကာကွယ်နေသကဲ့သို AA ကလည်း ထိုးစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မောင်တော၊ ကြိမ်ချောင်း တပ်စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ မတ်လ ၃၁ ရက်နေ့၊ ညနေ ၃ နာရီ ၀၅ မိနစ်အချိန် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက်တောင် ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့ တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား မျက်မြင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေရာ မတ်လ ၃၁ ရက်နေ့၊ ည ၈ နာရီအချိန် မြေပုံမြိုနယ်၊ ကမ်းထောင်းကြီးမြို့ ရှိ မူလတန်းလွန် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်သဖြင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့ကြောင်း သိရှီရသည်။

ထို့အတူ ဧပြီလ ၂ ရက်နေ့၊ ညနေ ၅ နာရီ ၁၆ မိနစ်နှင့် ၂၇ မိနစ်တို့တွင်လည်း မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်တိုက်ပွဲများတွင် ယခုလပိုင်းအတွင်း သေဆုံးနေကြသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article