ရွာငံမြို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံနေ
ရန်ကုန်၊ ဧပြီ ၈
ရှမ်းပြည်နယ်၊ ရွာငံမြို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့တွင် ရွာငံမြို့ရှိ စျေးတန်းရပ်ကွက်ရုံး၌ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များတွေ့ဆုံပြီး ရပ်မိရပ်ဖ ၂၅ ဦး၏ အစည်းအဝေး ဆုံးဖြတ်ချက်ဟု ပြောဆိုကာ စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန် တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ နှုန်း ကောက်ခံမည့် အကြောင်းကြားစာများ လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
” ရပ်မိရပ်ဖ ၂၅ ဦးဆိုတာ သူတို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပဲ ဒီကောင်တွေ ပြည်သူတွေအပေါ် ဘယ်လိုငွေတောင်းရမလဲ ကြည့်နေတာ ဒီကောင်တွေက သူတို့တောင်းတဲ့ ငွေမပေးရင် ပြဿနာရှာမှာဆိုတော့ မပေးချင်လည်း ဘယ်တက်နိုင်မလည်း တစ်အိမ်ကို စာ ၁ စောင်နဲ့ လိုက်ပေးတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ရွာငံမြို့ရှိ စျေးတန်းရပ်ကွက်နှင့် ကွပ်သစ်ရပ်ကွက်တို့လည်း တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံရန် စတင်ပြုလုပ်နေပြီး ကျန်ရှိသော ရပ်ကွက်များတွင် ကောက်ခံခြင်း မရှိသေးကြောင်း ဒေသပြည်များက ဆက်လက်ပြောဆိုသည်။