35 C
Yangon

KNLA ဦးဆောင်သော မဟာမိတပ်များက ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲနှင့် မြ၀တီမြို့ နောက်ဆုံး အခြေအနေများ

Must read

KNLA ဦးဆောင်သော မဟာမိတပ်များက ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲနှင့် မြ၀တီမြို့ နောက်ဆုံး အခြေအနေများ

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ နောက်ဆုံး စစ်တပ်ရဲ့ တပ်စခုဖြစ်တဲ့ ခလရ ၂၇၅ က လက်နက်ချဖို့ ငြင်းဆန်နေတာကြောင့် KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်နေပြီဖြစ်ပါတယ်။

တိုက်ပွဲတွေက စတင်ချိန်မှာ မြ၀တီမြို့ အထွက် ခလရ ၂၇၅ တပ်ရင်းအနားမှာပဲ စတင်ခဲ့ပေမယ့် တိုက်ပွဲ ဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ခလရ ၂၇၅ က လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်နေသလို မြ၀တီမြို့ထဲ ရပ်ကွက်တွေထဲအထိ လက်နက်ကြီးတွေကျလို့ အိမ်မီးလောင်တာတွေ ဖြစ်နေပါတယ်။

ဒ့ါအပြင် စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကလည်း မွန်းတည့်ပိုင်းကနေစပြီး ဒီနေ့ ညနေအထိ ဗုံးကျဲတွေ တောက် လျှောက်ကျဲလို့ အေးသုခကျေးရွာအတွင်း နေအိမ်တွေ မီးလောင်နေပါတယ်။

မြ၀တီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ လက်နက်ကိုင်တွေ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတာရှိပြီး အဲဒီလက်နက်ကိုင်တပ်ဖွဲ့က စစ်တပ်ဘက်ကလား၊ တော်လှန်ရေးတပ်ဘက်ကလားဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြ၀တီမြို့ထဲမှာလည်း Double Cab စစ်ကားတွေနဲ့ ကင်းလှည့်နေတာရှိပြီး အဲဒါကတော့ BGF တပ်တွေလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ BGF တပ်တွေက စစ်တပ်ဘက်ကလား၊ တော်လှန်ရေးတပ်ဘက်ကလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ပါဘူး။

ဒီနေ့မှာတော့ မြ၀တီမြို့ အထွက်နားမှာရှိတဲ့ ရပ်ကွက်တွေက ပြည်သူတွေ မြို့အတွင်းထဲထိ စစ်ဘေးရှောင်လာပါတယ်။ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တွေနဲ့ မြို့စွန်ရပ်ကွက်တွေမှာ လူတွေ လုံး၀ နေလို့မရတော့တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြ၀တီမြို့ထဲမှာ စည်ကားနေပြီး ယာဉ်ကြောတွေ ပိတ်တဲ့အထိ ဖြစ်လာပါတယ်။ သာမန်စည်ကားခြင်းမဟုတ်ဘဲ ၀ရုန်းသုန်းကား ထွက်ပြေးလာရလို့ ကားတွေ ပိတ်ပြီး စည်ကားနေတာပါ။

မြ၀တီမြို့မှာ မြန်မာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်တွေ အားလုံး ဖြတ်တောက်ခံထားရပြီး ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်ကို အဓိက အသုံးပြုနေရတာလည်းဖြစ်ပါတယ်။

မြ၀တီမြို့ရဲ့ သူဌေးတွေကတော့ ကားတွေနဲ့ မဲဆောက်ဘက်ကို ကူးဖို့ တန်းစီထားပါတယ်။ ထိုင်းဘက်ကလည်း မြ၀တီမြို့ပေါ်မှာ စစ်မီးတောက်လာရင် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းအထိ လက်ခံပြီး တံတားကို ဖွင့်ပေးမယ်ဆိုတဲ့ သတင်းတွေကလည်း မြ၀တီမြို့ခံ ပြည်သူတွေသိရှိထားကြတာမို့ ကြိုတင် တန်းစီထားကြပါပြီ။

မြ၀တီမြို့မှ ဝင်ငွေနည်း ပြည်သူတွေကတော့ သောင်ရင်းမြစ်ရဲ့ နယ်စပ်စည်းမျဉ်းမှာ နေထိုင်နေကြပါတယ်။ အရေးပေါ်လာရင်တော့မြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ကို ကူးကြဖို့ ပြင်ဆင်ထားကြပါတယ်။ ထိုင်းဘက်ကလည်း ထိုင်းစစ်တပ်ကို သောင်းရင်းမြစ်တစ်လျှောက် ဖြန့်ကျက်ထားပြီး နယ်စပ်တောတွေထဲအထိ သံဆူးကြိုးတွေ ချထားပါတယ်။

မဲဆောက်ဘက်အခြမ်းမှာတော့ မြ၀တီဘက်က ပြေးလာသူတွေကြောင့် အိမ်တွေငှားမရတဲ့အထိ ဖြစ်နေပြီး စျေးတွေလည်း တက်နေပါတယ်။ မြ၀တီမြို့ပေါ်မှာတော့ ဘဏ်တွေ စျေးတွေ မြို့မစျေးကြီး၊ လုပ်ငန်းတွေ ဆိုင်တွေ အားလုံး ပိတ်ထားပါတယ်။

နှစ်ပေါင်းများစွာ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျတဲ့ စစ်အုပ်ချုပ်ရေး ကင်းစင်တော့မယ့် မြ၀တီမြို့ဟာ လက်ရှိ အခြေအနေမှာ အလွန်ရှုပ်ထွေးနေပြီး ပေါက်ကွဲဖို့ တာစူနေတဲ့ ချိန်ကိုက်ဗုံးကြီးတစ်လုံးရဲ့ နောက်ဆုံးစက္ကန့်အချိန်တွေ ရောက်ရှိနေတာလို့ ဆိုရင် မမှားနိုင်ပါဘူး။

မကြာခင်မှာ မြ၀တီမြို့ဟာ စစ်ကောင်စီအောက်က လွတ်မြောက်တော့မှာ သေချာနေပေမယ့်လည်း စစ်တပ်ရဲ့ ရမ်းကားမှုတွေကြောင့် ဖျက်ဆီးခံရမယ့် အခြေအနေဆိုးတွေလည်း ရင်ဆိုင်နေရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article