ရန်ကုန်၊ ဇူလိုင် ၈
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ရေးဆိုင်ရာ သင်တန်းများ လာရောက်ပို့ချမည့် ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားကုန်တင်လေယာဉ်များသည် ယခုလအတွင်း နေပြည် တော်သို့ ဆက်တိုက်ရောက်ရှိလာနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ ရုရှားနိုင်ငံမှ IL-76 အမျိုးအစား စစ်ဘက်သုံးကုန်တင်လေယာဉ် ၁ စီးနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာကြောင်း၊ လတ်တလော ရုရှားကိုယ်စားလှယ်အဖွဲ့က နေပြည်တော်တွင်ပင် စစ်ကောင်စီတပ်မှ အရာရှိနှင့်စစ်သည်များကို စစ်ဘက်ဆိုင်ရာ သင်တန်းတစ်ခု ပို့ချနေပြီး ဇူလိုင်လ ၁၅ ရက်နေ့အထိ အဆိုပါရုရှား IL-76 လေယာဉ်မှာ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရသည်။
“IL-76 လေယာဉ်က ဇူလိုင် ၄ ရက်နေ့ကတည်းက နေပြည်တော်မှာ ရှိနေတယ်။ ဇူလိုင်လ ၁၅ ရက်နေ့အထိ ရုရှားစစ်ဘက်က သင်တန်းလာပို့ချဖို့ ရောက်လာတာဖြစ်တယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ရုရှားစစ်ဘက်ကိုယ်စားလှယ် ၃ ဦးကို တင်ဆောင်လာသည့် လေယာဉ်ငယ်တစ်စီးမှာလည်း ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။
ယခုခရီးစဉ်များမတိုင်မီ ဇူလိုင်လ ၁ ရက်နေ့တွင်လည်း ရုရှားကုန်တင်လေယာဉ်တစ်စီး နေပြည်တော်လေဆိပ်သို့ လာရောက်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ရုရှားလေယာဉ်များ အကြိမ်ကြိမ် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇူလိုင် ၁ ရက်နေ့ကလည်း ကုန်တင်လေယာဉ်တစ်စီး လာခဲ့တယ်။ ၄ ရက်နေ့မှာ IL-76 ထပ်ရောက်လာပြီး ၆ ရက်နေ့မှာ ရုရှားကိုယ်စားလှယ် ၃ ဦးကို ခေါ်လာတဲ့ လေယာဉ်ငယ်လည်း ထပ်ရောက်လာတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
ယခုနှစ် မေလအတွင်းကလည်း ရုရှားကုန်တင်လေယာဉ်များနှင့် ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ လာရောက်ခဲ့သေးသည်။
မေလ ၃ ရက်နေ့တွင် ရုရှားနိုင်ငံမှ စစ်လက်နက်ရေးရာကိစ္စအတွက် VIP ရုရှား ကိုယ်စား လှယ် ၂ ဦးက စင်းလုံးငှားလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ VIP ရုရှားကိုယ်စားလှယ် ၂ ဦးကို Sky Sky Aviator က ကြိုဆိုရေးနှင့် နေရာချထားမှုများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းအပြင် မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံမှ IL 76 ကုန်တင်လေယာဉ် ၂ စီးက နေပြည်တော် အေလာလေတပ်သို့ ရှေ့ဆင့် နောက်ဆင့် ဆင်းသက်ခဲ့ပြီး မေလ ၉ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
အလားတူ မေလ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံမှ IL 76 ကုန်တင်လေယာဉ် ၁ စီးက နေပြည် တော်အေလာ လေတပ်ထံသို့ ထပ်မံ ဆင်းသက်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားခဲ့သည်။
အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ရုရှားနိုင်ငံက မြန်မာအကြမ်းဖက်စစ်တပ်နှင့် စစ်ရေး ပူးပေါင်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ရုရှားကုန်တင်လေယာဉ်များမှာ နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်သို့ မကြာခဏ ဆိုသလို လာရောက် ကုန်ပစ္စည်းများ ပို့ဆောင်လေ့ရှိ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၁၇ ခုနှစ်တွင် ရုရှားသံအမတ်က အကြမ်းဖက်စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့၊ သင်တန်းကျောင်းများသို့ သွားရောက်လည်ပတ်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




