26.5 C
Yangon

မြန်မာနိုင်ငံတစ်ဝန်းရှိ NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု အနည်းဆုံး ၁၅ ခုထက်မနည်းကို စစ်တပ်က ဆက်တိုက်ဖြိုချဖျက်ဆီးဖယ်ရှား

Must read

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတစ်ဝန်းရှိ NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု အနည်းဆုံးရုပ်တု ၁၅ ခုထက်မနည်းကို စစ်တပ်က ဆက်တိုက်ဖယ်ရှားခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုစည်းကောက်ခံထားသော အချက်အလက်များ အရသိရှိရသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ NLD အစိုးရလက်ထက်တွင် တည်ဆောက်ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို ဆက်တိုက် ဖျက်ဆီး၊ ဖယ်ရှားလျက်ရှိရာ လက်ရှိအချိန်အထိ အနည်းဆုံး ကြေးရုပ် ၁၅ ရုပ် ဖျက်ဆီးဖယ်ရှားခံထားရပြီး မကွေးတိုင်း မင်းဘူးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်လည်း ဇူလိုင်လ ၅ ရက်ညပိုင်းတွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ မင်းဘူးမြို့ ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှာ ဇူလိုင်လ ၅ ရက် ည ၉ နာရီခန့်တွင် မြို့တွင်းလျှပ်စစ်မီး ဖြတ်တောက်ခံရပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ နောက်တစ်နေ့ နေ့လယ်ပိုင်းမှသာ ကြေးရုပ်မရှိတော့ကြောင်း ဒေသခံများ သတိပြုမိခဲ့ကြပြီး မည်သည့်နေရာသို့ သယ်ဆောင်သွားကြောင်း မသိရှိရသေးကြောင်း ဆိုသည်။

ထို့အတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဘက်ဟိုးယာဉ် ၃ စီး အသုံးပြု၍ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇီးကုန်းမြို့ ရန်ကုန်–ပြည်ကားလမ်း မီးပွိုင့်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်း အင် အားအများအပြားဖြင့် ရောက်ရှိလာသည့် စစ်တပ် လုံခြုံရေးယူထားပြီး ဘက်ဟိုးယာဉ် ၃ စီးဖြင့် ဖြိုဖျက်ဖယ်ရှားသွားခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ရှိ မြို့တော်ခန်းမရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင်လ ၃ ရက် ညပိုင်းတွင် ဖယ်ရှားသွားခဲ့ပြီး မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ဇူလိုင်လ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က မြို့တစ်မြို့လုံး လျှပ်စစ်မီးဖြတ်တောက်ထားချိန်တွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားပြီး လူတစ်စုက ဘောလုံးကွင်းဘေးရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ပေါက်ချွန်းများ၊ တူများအသုံးပြု၍ ဖြိုဖျက်ကာ ဖောကားဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင်လည်း ဇူလိုင်လ ၅ ရက်နေ့ ညပိုင်း ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ရင်ပြင်မှ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံး၏ ကြေးရုပ်များကို စစ်ကောင်စီတပ်က ဖယ်ရှားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ရှိ အာဇာနည်ရင်ပြင်မှာ NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉ ပေအမြင့် ကြေးရုပ်တစ်ရုပ်နှင့် ကျန်အာဇာနည်ခေါင်းဆောင် ၈ ဦး၏ ကြေးရုပ်များ စုစုပေါင်း ၉ ရုပ်ကို မန္တလေးမြို့ရှိ ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မကွေးတိုင်း၊ ရေစကြိုမြို့ လွတ်လပ်ရေးပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင်လ ၅ ရက် ညပိုင်းတွင် ဖြိုချဖယ်ရှားခဲ့ပြီး ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာအဝင်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံတွင် ဘက်ဟိုးများအသုံးပြု၍ ဖြိုချသယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဇူလိုင်လ ၂ ရက် နံနက်အစောပိုင်းတွင် ကရိန်းယာဉ်များဖြင့် ဖယ်ရှားခဲ့ပြီး ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ဗိုလ်ချုပ်ကြေးရုပ်များကိုလည်း စစ်ကောင်စီတပ်နှင့် စည်ပင်အဖွဲ့များက ဆက်လက်ဖြိုချဖယ်ရှားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းမတိုင်မီ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဇွန်လ ၂၈ ရက်တွင် ဘက်ဟိုးဖြင့် ဖြိုချခဲ့ပြီး၊ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဇွန်လ ၉ ရက်တွင် ကရိန်းယာဉ်များဖြင့် ဖယ်ရှားခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပဲခူးမြို့နှင့် ပုသိမ်မြို့တို့ရှိ ဗိုလ်ချုပ်ကြေးရုပ်များကိုလည်း စစ်ကောင်စီက ဆက်တိုက် ဖယ်ရှားဖျက်ဆီးခဲ့သလို၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း မန္တလေးတိုင်း သာစည်မြို့ရှိ ဗိုလ်ချုပ်ရင်ပြင်ကိုလည်း ဖြိုချဖျက်ဆီးခဲ့သည်။

လက်ရှိအထိ အတည်ပြုရရှိထားသော အချက်အလက်များအရ စစ်ကောင်စီက ဖျက်ဆီး၊ ဖယ်ရှားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များမှာ အနည်းဆုံး ၁၅ ရုပ် ရှိနေပြီး၊ ယင်းတို့တွင် တောင်တွင်းကြီးမြို့ရှိ အာဇာနည်ခေါင်းဆောင် ၉ ဦး၏ ကြေးရုပ် ၉ ရုပ် ပါဝင်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် အာဇာနည်နေ့မတိုင်မီ NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို နိုင်ငံတစ်ဝန်း ဆက်လက်ဖယ်ရှားရန် ညွှန်ကြားထားသဖြင့် ဒေသအသီးသီးရှိ ပြည်သူများအကြား ဝေဖန်မှုနှင့် မကျေနပ်မှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များကို အပြီးသတ် ဖယ်ရှားဖြိုချရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နှင့် ဇွန်လ ၂၆ ရက်နေ့များတွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အစည်းအဝေးအတွင်း အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီ:ကြေးရုပ် ထားရှိသည့် နေပြည်တော် သပြေကုန်း အဝိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article