28 C
Yangon

မြ၀တီမြို့၊ ခလရ ၂၇၅ တွင် ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံး တိုက်ပွဲပြင်းထန်ပြီး ကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်း မီးများလောင်ကျွမ်း

Must read

မြ၀တီမြို့၊ ခလရ ၂၇၅ တွင် ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံး တိုက်ပွဲပြင်းထန်ပြီး ကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်း မီးများလောင်ကျွမ်း

■ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရ

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ ၏ နောက်ဆုံး ခံတပ်ဖြစ်သော ခလရ ၂၇၅ ကို KNLA ဦးဆောင်သော တော်လှန် ရေးမဟာမိတ်တပ်များက တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ တစ်ညလုံးနှင့်ယနေ့ တစ်မနက်လုံး တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက နောက်ဆုံးခံတပ်ဖြစ်သော ခလရ ၂၇၅ မကျဆုံးရေးအတွက် တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် မြ၀တီကုန်သွယ်ရေးဇုန်အတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခြင်း၊ စိမ်းလဲ့မြိုင် ကားဝင်း မီးလောင်ခြင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်းတွင် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီးတွေပစ်တာရယ်၊ လေယာဉ်တွေနဲ့ ဗုံးကျဲတာကြောင့် ကုန်သွယ်ရေးဇုန်လည်း မီးလောင်တယ်၊ စိမ်းလဲ့မြိုင်ကားဝင်းလည်း မီးလောင်တယ်၊ တစ်ညလုံး နေရာ ၅ ခုထက်မနည်းမှာ မီးတွေ လောင်ပါတယ်။ နေအိမ်တွေလည်း မီးလောင်တယ်။ ဘယ်သူမှလည်း မီးသွားမငြိမ်းရဲကြဘူး။ မီးလောင်နေတာကို မြင်နေရတယ်။ လက်နက်ကြီး လက်နက် ငယ် အသံတွေ ကလည်း ဆက်တိုက်ပဲ။ တစ်ညလုံး၊ အခု တစ်မနက်လုံးလည်း တိုက်ပွဲ ပြင်းထန်နေတယ်။ ပြည်သူတွေကတော့ ထိုင်း-မြန်မာနယ်စပ် ကမ်းနားတွေနဲ့ တံတားတွေနားမှာ ကပ်ပြီးတော့ နေကြတယ်” ဟု မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ၊ ပန်ကာတပ်လေယာဉ်များ၊ Y 12 လေယာဉ်များ၊ ဒရုန်းများက မြ၀တီမြို့၏ ကောင်း ကင်ယံတွင် ပျံဝဲပြီး လေယာဉ်ပေါ်မှ ဗုံးများ ၊ ဒုံးကျည်များ၊ စက်သေနတ်များဖြင့်ပါ ပစ်ခတ်ကြောင်း သိရှိရသည်။

“ခလရ ၂၇၅ ထဲကနေ အတွဲလိုက် ဒုံးတွေ၊ လက်နက်ကြီးတွေက ဆက်တိုက်ပဲ။ မြဝတီမြို့ မှာ အကြမ်းဖက် စစ်ကောင်စီက နောက်ဆုံး ခံ စစ် ဆို တော့ အပြင်းအထန် ခုခံနေတာ။ မနား တမ်း လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ ပန်ကာတပ် တစ်လုံးထိုး လေယာဉ်တွေပါ လာတာ။ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေပါပစ်တယ်။ မြဝတီ မြို့ ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇ ကောင်းကင်မှာ လေယာဉ်တွေ ပတ်နေတာ။

လေကြောင်းက တောက်လျှောက်ပဲ။ မနက် ၁ နာရီ ၃၃ မိနစ်မှာ ပေါင် ၅၀၀ ဗုံးတွေ လေယာဉ်ပေါ်ကကျဲတယ်။ မနက် ၃ နာရီခွဲမှာလည်း လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ လေကြောင်းတိုက်ခိုက်မှုက တစ်ညတည်းတင် အကြိမ် ၄၀ ၊ ၅၀ လောက်ရှိနိုင်ပါတယ်” ဟု မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

မြ၀တီမြို့တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်အစောပိုင်း တိုက်ပွဲပြင်းထန်၍ ပစ်ခတ်နေမှုများကို ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှပင် ကြားနေရကြောင်း မဲဆောက်မှ ပြည်သူများက ပြောဆိုကြသည်။

“ပေါက်ကွဲသံတွေက မဲဆောက်ဘက်ကတောင် အတိုင်းသားကြားနေရတော့ မြ၀တီဘက်မှာဘယ်လောက် ပြည်သူတွေ ကြောက်လန့်နေမလဲဆိုတာ စိုးရိမ်မိတယ်။ တစ်ညလုံးပဲ ပေါက်ကွဲသံတွေက။ အခု မနက်အစောပိုင်းမှာလည်း မရပ်မနားပဲ ပေါက်ကွဲသံတွေ ထပ်ကြားရတယ်” ဟု မဲဆောက်မြို့၊ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီးတွင် နေထိုင်သူ မြန်မာအလုပ်သမားတစ်ဦး က ဆိုသည်။

ထို့ပြင် စစ်ကောင်စီက မော်လမြိုင်ဘက်မှ တစ်ဆင့် စစ်ကူ တင့်ကားများ၊ စစ်ကြောင်းများနှင့် စစ်ယာဉ်တန်းများ စေလွှတ်မှုများ ရှိနေကြောင်း စစ်တပ် စစ်ကြောင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် သတင်းထောက်များကလည်း မြ၀တီမြို့မှ တိုက်ပွဲများ၏ အခြေအနေကို ၎င်းတို့၏ သတင်းဌာနများ၏ လူမှုကွန်ရက်စာမျက်နှာများ၊ ကိုယ်ပိုင် စာမျက်နှာများမှတစ်ဆင့် ဓာတ်ပုံနှင့် ဗီဒီယိုများ အဆက်မပြတ် ဆက်တိုက် တင်ပြလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း မြ၀တီမြို့ပြင် ခလရ ၂၇၅ တိုက် ပွဲကြောင့် မြ၀တီမြို့ပြင်ဘက်တွင် မီးများလောင်ကျွမ်းနေသည်ကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article