37 C
Yangon

မြဝတီမြို့ကို စစ်ကူလာနေသော စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေပြီး မြဝတီဒေသ လုံခြုံရေးအတွက် ဆက်လက် လုပ်ဆောင်နေ၍ ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် KNU က တိုက်တွန်း

Must read

မြဝတီမြို့ကို စစ်ကူလာနေသော စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေပြီး မြဝတီဒေသ လုံခြုံရေးအတွက် ဆက်လက် လုပ်ဆောင်နေ၍ ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် KNU က တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေပြီး မြဝတီဒေသ လုံခြုံရေးအတွက် ဆက်လက် လုပ်ဆောင်နေ၍ ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် KNU က ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

မြဝတီဒေသကို လက်လွှတ် မဆုံးရှုံးရေးအတွက် အကြမ်းဖက် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ကူစစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့၊ ဖြတ်တောက်၊ ဟန့်တားမှုများဆိုင်ရာ စစ်ရေး ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း မြဝတီဒေသ လုံခြုံရေးအတွက် စိတ်ချရသည့် အနေအထားတခုအောက် ရောက်ရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များ ရှိနေသည့်အပေါ် ပြည်သူလူထုအနေဖြင့် လုံခြုံရေး သတိဖြင့် နေထိုင်သွားလာကြရန် ထပ်လောင်း တိုက်တွန်းအပ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

မြဝတီဒေသကို လုံခြုံရေးအရ စိတ်ချရသည့် အနေအထားအောက်သို့ ရောက်ရှိပါက KNU သည် မြဝတီမြို့ကို ၎င်း ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုဖြင့် အုပ်ချုပ်ရေးလုပ်ငန်းချမှတ်ခြင်း၊ လူကုန်ကူးမှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ပစ္စည်း ကုန်သွယ်မှုများ ပိတ်ပင်တားဆီးရေးနှင့် မြို့တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဖော်ဆောင်ခြင်း၊ မရှိမဖြစ်လိုအပ်သော ပြည်သူ့ ဝန်ဆောင်မှုများနှင့် ကုန်စည်စီးဆင်းရေးလုပ်ငန်းများကို စိန်ခေါ်မှုများကြားမှ ဖြစ်နိုင်သည့် အနေအထားက အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU သည် ထိုင်း-ကော်သူးလေနယ်စပ်မျဉ်း၏ နှစ်ဖက်လုံးတွင် နေထိုင်သော ပြည်သူလူထု၏ ဘေးကင်း လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများ ရရှိရေး ဆိုင်ရာ ကဏ္ဍများအတွက် အထူးအလေးထား၍ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်မှု လုံခြုံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကြိုးစားဆောင်ရွက်ရာတွင် ဒေသတွင်း ဆိုင်ရာ အကောင်းမွန်ဆုံး လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ (rules-based) နှင့်အညီ ဆောင်ရွက်နိုင်ရန် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကဏ္ဍအသီးသီး (Cross-Border Activities) အတွက် လိုအပ်သော ပြင်ဆင်မှုများနှင့် စီစဉ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

KNU သည် နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများ အပါအဝင် နယ်စပ်မျဉ်း၏ နှစ်ဖက်လုံးတွင် နေထိုင် သော ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရ နှင့် နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းပြည်ပ မဟာမိတ် အဖွဲ့အစည်း များ၊ သက်ဆိုင်သူများ အားလုံးနှင့် ချိတ်ဆက်ပြီး အနှစ်သာရရှိသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆိုကို ဖယ်ရှားပြီး စုံလင်ကွဲပြားမှုများကို အလေးထားသော အားလုံးပါဝင်နိုင်သည့် အရပ်သားဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် အသက်၊ ချွေး၊ သွေးနှင့် ဘဝများကို ရင်းနှီး ပေးဆပ်ခဲ့ကြသည့် တိုက်ဖော်တိုက်ဖက် တော်လှန်ရေးရဲဘော်များအားလုံးကို လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပြီး KNU အနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့များနှင့် အတူတကွ ဆက်လက် တိုက်ပွဲဝင် နေမည်ဖြစ်ကာ ကော်သူးလေ ပြည်သူများနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးကလည်း မဆုတ်မနစ် ဆက်လက် ပါဝင်ကာ တိုက်ပွဲဝင် ကြရန် တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းရုံး (KNU) ဦးဆောင်သော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များ ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ များသည် ၂၀၂၄ ဧပြီလ ၅ ရက်နေ့တွင် စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ သင်္ကန်း ညီနောင် စစ်ဗျူဟာအခြေချစခန်းကိုလည်းကောင်း၊ ဧပြီလ(၁၁)ရက်တွင် မြဝတီမြို့ တွင်တပ်စွဲထားသော ခြေမြန် တပ်ရင်း(၂၇၅) ကိုသော်လည်းကောင်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းပြီး ဖြစ်ပါသည်။ သို့သော် ၎င်း ခမရ (၂၇၅)တပ်ဖွဲ့ဝင် အချို့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၂) အနီးတဝှိုက်တွင် တပ်စွဲပြီး ခိုလှုံလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article