30 C
Yangon

တောင်ငူမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားပြီး ရဲနှင့်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ရဲနှင့်စစ်တပ်က သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်ပြီး မဏ္ဍပ် ရေကစားမှု ရပ်နားလိုက်ရ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားပြီး ရဲနှင့် စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် တောင်ငူ မြို့ပြတော်လှန်ရေးအင်အားစု (မ.တ.အ) တာဝန်ခံ စစ်သူကြီးတို့၏ ပြောကြားချက်များအရ သိရှိရသည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်အချိန် တောင်ငူမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် ကိုက် ၅၀၀ အကွာ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် သောက်စားမူးယစ်ပျော်ပါးနေသော စစ်တပ်နှင့်ရဲများကို တောင်ငူ မြို့ပြတော်လှန်ရေးအင်အားစု (မ.တ.အ)က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲနှင့်စစ်သားများ ထိခိုက်ဒဏ်ရာရရှိကြောင်း တောင်ငူ မြို့ပြတော်လှန်ရေးအင်အားစု (မ.တ.အ)တာဝန်ခံ စစ်သူကြီးက ပြောဆိုသည်။

“တောင်ငူ ဗဟိုမဏ္ဍပ်နဲ့ ကိုက် ၅၀၀ အကွာမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ စစ်သားနဲ့ရဲတွေ ရေကစားနေတဲ့အချိန်ဗုံးကွဲတယ်။ ဗုံးကွဲတော့ ဗဟိုမဏ္ဍပ်အစီစဥ်တွေ ချက်ချင်းရပ်နားလိုက်တယ်။ လမ်းအဝင်ထွက်တွေ အကုန်ပိတ်တယ်။ စစ်ကား ၄စီးရောက်လာပြီး ၁စီးက ထိခိုက်တဲ့ စစ်ခွေးနဲ့ ရဲတွေကို ပြန်သယ်ပြီးထုတ်သွားတယ်။ စစ်ကား ၃ စီး ကျန်ခဲ့တယ်။ လမ်းမှာတပ်ထားတဲ့ CCTV‌ တွေလိုက်စစ်နေတယ်။ ရဲနဲ့စစ်သား အနည်းဆုံး ၃ဦးထိခိုက်ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့နောက် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်အချိန်တွင် တောင်ငူမြို့ သင်္ကြန်မဏ္ဍပ် အနီးတွင် ထောင်ထားသော ချိန်ကိုက်မိုင်းက ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲချိန်တွင် စစ်တပ်နှင့်ရဲများအားလုံး မဏ္ဍပ်ပေါ် တက်ပြေးပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ ဗဟိုမဏ္ဍပ်တွင်မူ ရေကစားမှု လုံး၀ ရပ်နားလိုက်ကြောင်း သိရှိရသည်။

“ချိန်ကိုက်မိုင်းပေါက်တော့ ရဲနဲ့စစ်သားတွေ အကုန် မဏ္ဍပ်ပေါ် တက်ပြေးပြီး သေနတ်တွေနဲ့ ရမ်းပစ်တယ်။ ဗဟိုမဏ္ဍပ်ကိုလည်း လက်ရှိအချိန် အထိ ရေကစားတာ ရပ်နားထားပြီး အနီးနားဖြတ်သန်းသွားလာသူများအား ခေါ်ယူမေးမြန်းရိုက်နှက်နေတယ်” ဟု တောင်ငူ မြို့ပြတော်လှန်ရေးအင်အားစု (မ.တ.အ)တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- တောင်ငူမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article