25 C
Yangon

ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်ဘက်မှ ထိခိုက်ဒဏ်ရာရှိသူ များပြားကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၄၆ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်၍ အထိုင်ချ တပ်စွဲထားသော စစ်သား ၇၀ ခန့်ကို Wings Of ShweBo – Drone Force တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Wings Of Shwebo အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း‌ ၄ နှင့် Buffalo Soldiers Freedom Force Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်ကို မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်ခန့်တွင် Wings Of Shwebo တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချီပါရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ည ၉ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့ မုဒ်ပေါက်တွင် အင်အားဖြည့်ရန် ရောက်ရှိလာသော စစ်ကား ၃ စီးကို Wings Of Shwebo- Drone Force တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက Fixed Wings Drone ၂ စီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုကို Wings Of Shwebo အဖွဲ့၊ တန်ခိုးရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Buffalo Soldiers Drone အဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ စစ်သား၊ ရဲနှင့် ပျူစောထီးများ တည်သီးတောပျူစောထီးရွာကို လက်နက်ခဲယမ်း သွားရောက် ပို့ဆောင်စဉ် ညောင်ကိုင်းပျူစောထီးရွာနှင့်တည်သီးတောပျူစောထီးရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မြင်းစီး ပျူစောထီးရွာမှ ရဲ ၃ ဦးနှင့် ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို တည်သီးတောပျူစောထီးရွာ စာသင်ကျောင်းအတွင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး-T.T.T-Shwe Bo ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဗိုလ်ကျားရိုင်း – ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ GOLDEN EAGLE-ZBGအဖွဲ့၊ မိုးကြိုးမုန်တိုင်းအဖွဲ့ -တောင်သူကြီး ပြည့်သူကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့နှင့် ရွှေခြံပြောက်ကျားတပ်ဖွဲ့၊ MGN 35 အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article