25 C
Yangon

တမူးမြို့နယ်နှင့် ကလေးမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးသေဆုံး၊ နောင်ချိုတွင် ဘုန်းကြီး ကျောင်း ၃ ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့်ကလေးမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ အရပ်သား ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၂ နာရီအချိန် တမူးမြို့နယ်၊ ခမ်းပတ်မြို့အမှတ်၁ရပ်ကွက်ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာ အရပ်သား ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊အလားတူ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ရွာကိုလည်း စစ်တပ်က ဗုံး၂ ကြိမ်ကျဲချရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကျဲတော့ မိသားစု တစ်စုပေါ် ကျပြီး သားနဲ့ သမီးဖြစ်သူ သေတယ်။ အဖေနဲ့ အမေ ဒဏ်ရာရတယ်။ နောက်တစ်ခါ အခြားအိမ်က ပြည်သူ ၁ ဦးသေတယ်။ ခမ်းပတ်မြို့မှာ ၃ ဦးသေတာ။ စော်ဘွားရေရှင်ရွာကတော့ ကလေးမြို့နယ်ထဲမှာ။ အဲဒီမှာလည်း တစ်ဦးသေတယ်ကြားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက တမူးမြို့နယ်နှင့် ကလေးမြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း ကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဧပြီလ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ၃ ကြိမ် ၊ ဇာလီ ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ်နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့် ရည်ရွယ်ချက် ကြောင့်ပြုလုပ်သည်ကို မသိရှိရသော်လည်း ကျေးရွာ ဘုန်းကြီးကျောင်းများသို ပစ်မှတ်ထား တိုက် ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ပြော ဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်နေရာများ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article