28 C
Yangon

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေ၊ ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံ

Must read

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေ၊ ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံ

ရန်ကုန်၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေပြီး ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်ပိုင်းက စတင်ကာ မကွေးတိုင်းအတွင်းရှိ ပြည်သူပိုင် ကုန်ကားများကို အကြမ်းဖက် စစ်တပ်က အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရိက္ခာပို့ဆောင်ရန် လိုက်လံ ခြိမ်းခြောက် ငှားရမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ကားများ ငှားရမ်းခြင်းကို မကွေးမြို့ မထသ ဥက္ကဠ မြင့်စိုး၊ မော်တော်ယာဉ် ဥက္ကဠ ကျော်ဆန်းဦး နှင့် အကြမ်းဖက် စစ်တပ် က ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ရိက္ခာပို့ဆောင်ရာတွင် မလိုက်လိုသော ကားပိုင်ရှင်များအနေဖြင့် စစ်တပ်ထံ ၁ ဦးလျှင် ငွေကျပ် ၆ သိန်းပေးဆောင်ရကြောင်း သိရှိရသည်။

“ခုရက်ပိုင်း အမ်းမြို့ကို စစ်တပ်က ဆန်အိတ်တွေ ပို့ပေးရမှာတဲ့ မကွေး တစ်တိုင်းလုံး က ကားတွေ ချောဆွဲတာပါ။ အဆိုးဆုံးက မကွေးမြို့ပေါ်က မော်တော်ယာဉ်နဲ့ မထသ က ကောင်တွေက ပိုဆိုးနေတာပါ။ မကွေး တတိုင်းလုံးကနေ ရခိုင်ပြည်အတွတ် တပ်ရိက္ခာတွေ ပို့မှာ တတိုင်းလုံး အတိုင်တာနဲ့ဆို ကားအစီးရေ ၈၀ လောက်ရှိမယ်။ မကွေးမြို့မှာ ကားချောဆွဲတဲ့ ကိစ္စက သူတို့က စစ်တပ်နဲ့ပေါင်းပြီး လုပ်စားသလိုဖြစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မကွေးမြို့ပေါ်တွင် ၁၂ ဘီးကား အစီးရေ ၃၀၀ ကျော်ခန့်ရှိပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သည့် ၁၂ ဘီးကား ၁၀ စီးသား ငှားရမ်းနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ်က ရိက္ခာတင်ကားများ ဖြတ်သန်းသွားမည့် ပဒါန်း-အမ်း လမ်းပိုင်းသည် ရခိုင်တပ်တော်က ပိတ်ပင်ထားသော လမ်းပိုင်းဖြစ်ကြောင်း သိရသည်။

“မကွေးမြို့မှာ အခုငှားရမ်းလို့ ရတဲ့ကား ၁၀ စီးက စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကားပိုင်တွေပဲ သူတို့က မြို့ပေါ်က စစ်တပ်မထောက်ခံဘဲ မလိုက်ချင်တဲ့ ကားပိုင်တွေဆီကနေ မလိုက်ရင် ကား ၁ စီးကို ၆ သိန်းပေးရမယ်လို့ စစ်တပ်နဲ့ အကျပ်ကိုင်ပြီး တောင်းခိုင်းတာ မြို့ပေါ်မှာက ကားအစီး ၃၀၀ ကျော်ရှိတာ အဲငွေတွေကို မထသ ၊ မော်တော်ယာဉ်နဲ့ စစ်တပ်က ကောင်တွေ မျှယူတာ AA အနေနဲ့လည်း ပဒါန်း-အမ်း လမ်းပိုင်းကို ပိတ်ထားတော့ ကားပိုင်ရှင်တွေက မလိုက်ချင်ကြဘူး။ စစ်ခွေးတွေက သူတို့ ကားတွေ မသုံးရဲတော့ ပြည်သူပိုင် ကားတွေကို ချောဆွဲပြီ ပို့ခိုင်းတာ” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ရန်ကုန်မြို့မှ မင်းဘူးကို ပို့ဆောင်ရန် တွဲကား အစီး ၂၀ ခန့်ကိုလည်း စစ်တပ်က ရန်ကုန်မြို့အတွင်း လိုက်လံ ငှာရမ်းနေပြီး ရက်ပိုင်းအတွင်း ပို့ဆောင်မည်ဖြစ်ကာ ဆန်၊ ဆီ၊ ငရုတ်နှင့် စားသောက်ကုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

smart
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article