38 C
Yangon

ရန်ကုန်နှင့်မန္တလေးမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင်လည်း စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ် သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိ နေကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ အချိန် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ ပေါ်ဆန်းမွှေး ၅ လမ်းတွင် နေထိုင်သူ အသက် ၁၈ နှစ် မောင်သီဟထွန်းသည် လမ်းထိပ်တွင် ထိုင်နေစဉ် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး စစ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတချို့ ကပြောဆိုသည်။

“မီးကလည်းမလာတော့ ကလေးတွေက လမ်းထိပ်မယ် ထွက်ထိုင်နေတာ။ အဲဒါ စစ်တပ်နဲ့ ရဲက ဖမ်းသွားတာပါ။ အသက် ၁၈ နှစ်အရွယ် မောင်သီဟထွန်းကို မနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ဘာလုပ်နေတာလဲဆိုပြီး စစ်ကားပေါ်တင်ပြီး ဖမ်းသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်း ကြခတ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဌေးအောင်က လူငယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၂ အတွက် ကျေးရွာမှ လူငယ် ၂၀ ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် မဲနှိုက်မည်ဖြစ်ပြီး ထွက်ပြေးသူများလည်း များပြားနေကြောင်း၊ အုပ်ချုပ်ရေးမှူး​ ဌေးအောင်က လူငယ်များကို ခြိမ်းခြောက် အကျပ်ကိုင်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်-ခရမ်းခရီးသည်တင်ကားပေါ်မှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၂၀ အရွယ် အမျိုးသားငယ်တစ်ဦးတို့ကို စစ်တပ်က စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“လူငယ်လေးတွေက ဘယ်ကလာလဲဆိုတော့ ပြင်ဦးလွင်က လာတယ်။ ခရမ်းမြို့နယ် ၊ အေးမွန်ရာကိုသွားမယ်လို့ ဖြေတယ်။ အဲဒါကို ဘာမှ မပြောတော့ဘဲ ဖမ်းသွားတာ။ သန်လျင် တံတားဂိတ်အကျော် စစ်ဆေးရေးဂိတ်မှာ ဖမ်းတာပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံခဲ့သူ ခရီးသွားပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ ယမန်နေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၉၀ x လမ်း၃၀၊ ကိုးလုံးဒကာဘုရားအနီး All good လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အမျိုးသား ၅ ဦးကို စစ်တပ်က ရုတ်တရက် ဝင်ရောက်ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများ၏ မျက်နှာကို အဝတ်အမည်များဖြင့် ဖုံးအုပ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် မန္တလေးမြို့တွင် လူငယ်များကို မဲနှိုက်ကြရန်နှင့် မဲပေါက်သူများ မဖြစ်မနေ စစ် သင်တန်း တက်ရမည်ဖြစ်ပြီး စစ်သင်တန်းတက်မည့်သူမရှိဘဲ လူငယ်များ ထွက်ပြေးပါက လမ်းပေါ်မှ လူငယ်များကို ဖမ်းဆီး၍ စစ်ထဲသွင်းရမည်ဟု မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ဖိအားပေးပြောဆိုနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Getty Image။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article