27 C
Yangon

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက်

Must read

ရန်ကုန်၊ မေ ၁

ရန်ကုန်အပါအဝင်မြို့ကြီးများတွင် လူငယ်တချို့ကို စစ်တပ်က အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးပေါ်တာဆွဲမှုများရှိနေပြီး ယင်းဖမ်းဆီးခံရသော လူငယ်များအနက်မှ တချို့မှာ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း ရောင်းစားခံရသည့် မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှ လူငယ်တချို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းလိုသဖြင့် ရန်ကုန်မြို့ထဲဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ယင်းသို့ တိမ်းရှောင်ရာမှ လူငယ်တစ်ဦးမှာ ဒလဘက်တွင် ဧည့်စာရင်း မတိုင်သဖြင့် စစ်တပ်၏ဖမ်းဆီးမှု ခံခဲ့ရကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရပြီးနောက် သန်လျင်စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လူငယ်ကို စစ်တပ်က အမြဲတမ်းစစ်သား အဖြစ် လုပ်ကိုင်မည်ဆိုပါက ငွေကျပ် ၁၅ သိန်း ပေးမည်ဖြစ်ပြီး မိသားစုထံသို့ ငွေပြန်ပို့လိုပါက ပို့နိုင်ကြောင်း၊ ၁၀ တန်းအောင်လက်မှတ် တင်ပြနိုင်ပါက ငွေကျပ် ၂၅ သိန်း ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“စစ်မှုမထမ်းချင်လို့ ထွက်ပြေးကာမှ ရှောင်နေတဲ့ အိမ်မှာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းသွားတယ်။ သန်လျင်တပ်ထဲမှာ ခေါ်ခံထားရတယ်။ အဲဒါ သူက ဖုန်းဆက်လာတာက အမြဲတမ်း စစ်သားအဖြစ် လုပ်မယ်ဆိုရင် ၁၅ သိန်းရမယ်။ ၁၀ တန်းအောင်ဆိုရင်တော့ ရေတပ်မှာ ပြန်ပြီး သက်သက်သာသာ လုပ်ရမယ်။ ၂၅ သိန်းပေးမယ်ဆိုပြီး ပြောတယ်။ အဲဒါ စစ်မှုထမ်းဥပဒေနဲ့ မဆိုင်ဘူး။ ပုံမှန် စစ်သားစုဆောင်းတာလို့ ပြောတယ်” ဟု ဖမ်းဆီးခံရသည့် လူငယ်၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်၏ ဆွေမျိုးက တပ်ထဲတွင် လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသော လူငယ်၏ လုံခြုံရေးအတွက် နာမည်ကို ထုတ်ဖော်ရေးသားခြင်းမပြုရန် မေတ္တာရပ်ခံသည်။

သန်လျင်တပ်နယ်မှ တပ်သတင်းရင်းမြစ်ကလည်း စစ်သားအရောင်းအဝယ် စျေးကွက် ဆက်လက် ဖြစ်ထွန်းနေသည်မှာ မှန်ကန်ပြီး ရာထူးတိုးမည့် အရာရှိများအနေဖြင့် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးရကြောင်း၊ ထို့ကြောင့် တပ်သားသစ် အရောင်း အဝယ် စျေးကွက်ဖြစ်ထွန်းနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒါက စစ်မှုမထမ်းမနေရ ကိစ္စ နဲ့မသက်ဆိုင်ဘူး။ အမြဲတမ်းတပ်သားသစ် စစ်သားစုဆောင်းရေးအတွက် စစ်သား တစ်ယောက် တပ်ထဲ သွင်းပေးပါက စာရေးတတ် ဖတ်တတ် ၁၅ သိန်း၊ ၁၀ တန်းအောင်ပညာတတ်ဆိုရင် တစ်ဦး ၂၅ သိန်း တပ်ဘက်ကပေးတယ်” ဟု သန်လျင်ရေတပ်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူငယ်များကို စစ်ဆေး၍ မသင်္ကာဟုဆိုကာ အကြောင်းမျိုးစုံ ပြ ဖမ်းဆီးမှုများ ဖြစ်ပွားနေကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များအနက်မှ တချို့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်သားအဖြစ် စုဆောင်းခံရပြီး တချို့မှာ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားအဖြစ် စုဆောင်းခံရပြီး စစ်သင်တန်းတက်နေရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားအဖြစ် စုဆောင်းခံရပြီး စစ်သင်တန်းတက်နေရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article