30 C
Yangon

ဝန်ကြီးဌာနများသို့ အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟုဆို

Must read

ရန်ကုန်၊ မေ ၄

ဝန်ကြီးဌာနများသို့ အရပ်ဘက် ရာထူးများဖြင့် ပြောင်းရွှေ့သွားခဲ့သော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် သတ်မှတ်ပြန်လည် ခေါ်ယူရန် စာရင်းကောက်ခံနေပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟု အသိပေးလာကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဧပြီလကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီက ဝန်ကြီးဌာနများရှိ Non-CDM ဝန်ထမ်းများအနက်မှ စစ်မှုထမ်းကြမည့် ဆန္ဒပြု ဝန်ထမ်းများစာရင်း ကောက်ယူမှုနှင့်အတူ အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်း၊ စစ်မှုထမ်း ဟောင်းများကိုလည်း အရန်တပ်အင်အားများအဖြစ် ပြန်လည် ခေါ်ယူရန် စာရင်းကောက်ခံနေကြောင်း၊ ဝန်ကြီးဌာနများတွင် အရပ်ဘက်ရာထူးများဖြင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဟောင်းနှင့် အရာရှိဟောင်းများသည် စစ်တပ်၏ တိုက်ခိုက်ရေးနှင့် စစ်ရေးလှုပ်ရှားသော တပ်များ တွင် ပြန်လည် ခေါ်ယူ ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“နှစ်ပိုင်းပေါ့။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတက်ရမယ့် ဝန်ထမ်းစာရင်း ကောက်တယ်။ အရန်တပ်အင်အားဥပဒေနဲ့ အရပ်ဘက်ရာထူးယူထားတဲ့ စစ်အရာရှိဟောင်း၊ စစ်မှုထမ်းဟောင်း စာရင်းတွေ ပြန်ကောက်တာတစ်ပိုင်း။ နှစ်ပိုင်းကွဲပြားတယ်။ အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဟောင်းနဲ့ အရာရှိဟောင်းတွေကို လှုပ်ရှားစစ်ဆင်ရေးတွေမှာ စစ်မှုထမ်းဖို့ ခေါ်မယ်လို့ ပြောတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဧပြီလ ၁၂ ရက်နေ့ အမိန့်ညွှန်ကြားတစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်ညွှန်ကြား ချက်တွင် အငြိမ်းစား စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၆၇ နှစ် မကျော်လွန်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းဟောင်းများအနေဖြင့် စစ်တပ်တွင် အနည်းဆုံး အချိန်ပြည့် ၃ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၅ နှစ်အထက် ပို၍ တာဝန်ပေးအပ်ရန် လိုအပ်ပါက စစ်တပ် ဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

စစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၅၅ နှစ်အောက်ဆိုလျှင် လှုပ်ရှားစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး အသက် ၅၅ နှစ်မှ အသက် ၆၇ နှစ်အကြား ဆိုလျှင် တပ်မတော်ဌာနချုပ်များ၊ စစ်ဆင်ရေးခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်သည့် အကြောင်းကြားစာရပြီး သတင်းမပို့သော စစ်မှုထမ်းဟောင်းများ၏ အငြိမ်းစား လစာနှင့် အကျိုးခံစားခွင့်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ စစ်တပ်တွင် ပြန်လည် စစ်မှုထမ်းချိန်တွင် မူလရာထူးတာဝန်အတိုင်း ပြန်လည် ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဝန်ကြီးဌာနများတွင် အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြသော စစ်မှုထမ်းဟောင်းများနှင့် အရာရှိဟောင်းများမှာ စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်ကို သဘောကျခြင်းမရှိဘဲ စစ်တပ်တွင် ပြန်လည် တာဝန်ထမ်းဆောင်လိုကြကြောင်း သိရှိရသည်။

“ကိုယ်တို့က လုပ်ခဲ့ပေးပြီးပြီ။ ပြန်တော့ တာဝန်မထမ်းချင်တော့ဘူး။ တပ်ထဲရှိတုန်းကလည်း တတ်စွမ်းသမျှ လုပ်ကိုင်ခဲ့ပြီးပြီ။ အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်” ဟု အကောက်ခွန်ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး ရာထူး ထမ်းဆောင်နေသူ စစ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁ မှ သင်တန်းသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁ မှ သင်တန်းသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article