38 C
Yangon

မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးအဖွဲ့ ၁၈ ခု ပူးပေါင်း၍ တိုက်ထုတ်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးအဖွဲ့ ၁၈ ခု ပူးပေါင်း၍ တိုက်ထုတ်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်ခန့်ကို တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးပေါင်း၍ တိုက်ထုတ်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်က ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂ ရက်နေ့တွင် စစ်တပ်က မြင်းခြံခရိုင် ဆီးမီးခုံမြို့ ဆီမီးခုံရေနက်ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် မြောင်မြို့နယ် သာထွန်းရွာနှင့် ရွှေလှေရွာဘက်သို့စတင် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ယင်းစစ် ကြောင်းကို မင်းတန်းကျေးရွာအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်း၍ စတင်တိုက်ခိုက်ခဲ့ကြကြောင်း ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“တိုက်ပွဲကတော့ မင်းတန်းကျေးရွာထဲမှာ စဖြစ်တာ။ မင်းတန်းကျေးရွာထဲကို မေလ ၂ ရက်နေ့ မနက်ခင်းမှာ စစ်တပ်က ပစ်ဝင်တာ။ ပြီးတော့ ဝင်ပြီးတပ်စွဲထားတာ။ ပြန်မထွက်ဘဲ ညအိပ်တပ်စွဲပြန်နေလို့ မေလ ၃ ရက်နေ့မှာ ကျနော်တို့က တိုက်ထုတ်ခဲ့တာ” ဟု ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောပြသည်။

တော်လှန်ရေးအဖွဲ့များ၏ တိုက်ထုတ်မှုကြောင့် အကြမ်းဖက်စစ်တပ် မင်းတန်းရွာမှ ထွက်ပြေးသွားပြီး အရှေ့ဘက် သာထွန်းကျေးရွာထဲသို့ ဝင်ရောက်စခန်းချကြကြောင်း၊ စစ်တပ်ရှိနေသော သာထွန်းကျေးရွာထဲအထိ တော်လှန်ရေးအဖွဲ့များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“သာထွန်းကျေးရွာထဲထိ ကျွန်တော်တို့ အဖွဲ့တွေ လိုက်ဆော်တာဗျ။ လိုက်ဆော်တော့ သာထွန်းရွာအရှေ့ဘက် ရွှေလှေကျေးရွာထဲ စစ်တပ်က ဝင်ပြေးပြန်ရော။ အဲဒီရွာထဲမှာ စစ်တပ်က ဝပ်နေချိန် ကျနော်တို့က ဒရုန်းဗုံးသီးတွေ ကျဲချတယ်။ စစ်တပ်ကကောင်တွေပေါ်ကို တည့်တည့်ကျတာပဲ သေဆုံးမှုလည်း ရှိနိုင်သလို ဒဏ်ရာရတွေများတယ်” ဟု ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ စစ်တပ် တပ်စွဲထားသော ရွှေလှေကျေးရွာသည် စစ်သင်္ဘော ဆိုက်ကပ်ထားသော ဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် ကျေးရွာဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက ရွှေလှေရွာထဲသို့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ၊ သေဆုံးထိခိုက်စာရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု CDSOM မြေပြင်နှင့် ဝေဟင်အဖွဲ့၊ နဂါးပေါက်တိုက်နယ် ပကဖ၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မန္တလေးခရိုင်တပ်ရင်း ၅၊ Pdf – Taloke ၊ အညာမြေ-ကျောက်ပန်းတောင်း၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂တပ်ခွဲ၃၊ 11 Brother Force၊ Wolf Brother-မြောင်၊ သွေးသောက်-ရေစကြို၊ ဇာမဏီ-ငါန်းဇွန်၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ပြောက်ကျားလင်းယုန်၊ မြောင်မြို့နယ် ပလဖ ၊ စစ်ကိုင်းခရိုင် ထောက်ပို့ -မဲဒစ် တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article