30 C
Yangon

BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော

Must read

BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်တွင် Online လုပ်ငန်းဆောင် ရွက်နေသော နိုင်ငံခြားသား အားလုံး အောက် တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ကြေညာလိုက်မှုသည် ကျားဖြန့်နှိမ်နင်းရေးမဟုတ်ဘဲ ဟန်ပြသာဖြစ်ကြောင်း မြ၀တီ-မဲဆောက်တွင် ရှိနေသော စစ်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း BGF ဘက်က ကြေညာခြင်းဖြစ်သည်။

“အထဲမှာ အလုပ်လုပ်နေတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေဆီက ဒီလအတွက်တောင် ထိုင်းဘတ်၂ သောင်းနီးပါးကောက်နေလို့ တချို့ပေးပြီးသွားပြီ။ ကျားဖြန့်လုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲ။ နှင်ထုတ်တယ်ဆိုတာ ဟန်ပြ ကြေညာချက်လို့ပဲ ပြောရမယ်။ အခု အဝင်အထွက်တွေကိုလည်း BGF ကပဲ ထိန်းချုပ်ပြီး အဝင်ပဲ များနေပါတယ်” ဟု ရွှေက္ကိုလ်အတွင်းသို့ ထိုင်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသူ မြ၀တီမြို့မှ နယ်ခံကုန်သည် သတင်းရင်းမြစ်က ပြောဆိုသည်။ လုံခြုံရေး စိုးရိမ်ရသည့်အတွက် နာမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် အဆိုပါ နယ်ခံကုန်သည်သတင်းရင်းမြစ်က မေတ္တာရပ်ခံသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးကလည်း မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF က အကျိုးအမြတ်ထုတ်သွားသကဲ့သို့ပင် ဖိအားများလာ၍ ကျားဖြန့် နှိမ်နင်းသယောင် ဟန်ပြ ကြေညာချက်ထုတ်မှု အဖြစ် သုံးသပ်ပြောဆိုသည်။

“စကားပုံတောင်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သခင်စိုးစကားလေ နာမည်ကြီးတယ်။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျေက်ရေး ဆိုတာမျိုးလိုပဲ ယုံရ ခက်ကြီးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူမြင်ကောင်းအောင် ဖော်ရှိုးလုပ်တာ။ ဒါမျိုးတွေက အရှေ့မှာလည်း တရုတ်တွေကို ပြန်ပို့ပါပြီဆိုပြီး သူတို့ လုပ်ပြတာပဲ။ တကယ်တမ်း ကျားဖြန့်တွေက ရွှေက္ကိုလ်ထဲမှာ အပြည့်ပါပဲ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးက သုံးသပ်ပြောဆိုသည်။

အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုခြင်း စသည်ဖြင့် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လာသည့် အတွက် BGF က ဟန်ပြ အရေးယူဆောင်ရွက်သည့်ပုံစံ လုပ်လာခြင်း သုံးသပ်မှုများလည်းရှိသည်။

“ပြည်သူတွေမှာ မြ၀တီကိစ္စနဲ့တင် BGF ဆိုတာ ဘာလဲသိသွားကြပါပြီ။ အခု BGF လုပ်မယ့် ကျားဖြန့် နှိမ်နင်းရေးဆိုတာလည်း ဘာမှ ယုံကြည်စရာမရှိတော့ဘူးဆိုတာ သိနေကြတာပဲ။ မြ၀တီကိစ္စမှာတင် အတော်မှတ်သွားပါပြီ” ဟု မဲဆောက်တွင်ရောက်ရှိခိုလှုံနေသော လူငယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လတ်တလော BGF က ရွှေက္ကိုလ်လောင်းကစားမြို့အတွင်း အလုပ်လုပ်နေသူအားလုံးကို ယခုနှစ်ဖေဖော်ဝါရီလတွင် တစ်ဦးလျှင် ထိုင်းဘတ် ၈၉၉၁ ဘတ်၊ မတ်လတွင် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ် ပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article