30 C
Yangon

ပျော်ဘွယ်တွင် စစ်တပ် စစ်ကြောင်းထိုးရန် သတင်းများ စုဆောင်းပေးခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပျော်ဘွယ်တွင် စစ်တပ် စစ်ကြောင်းထိုးရန် သတင်းများ စုဆောင်းပေးခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော သိန်းလွင်စိုး (ခ) ကျောက်ခဲ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၄ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ သိန်းလွင်စိုး (ခ) ကျောက်ခဲ ကို ရွာလယ်ခေါင်ဆေးခန်းရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သိန်းလွင်စိုးသည် တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ PDF များ ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီ ဝန်းရံသူများ၏ အမည်စာရင်းများကို စုံစမ်း ထောက်လှမ်း၍ စစ်တပ်ကို ပေးပို့ပေးသူဖြစ်ကြောင်း သိရှိရသည်။

“ပေပင်ရှည်ကျေးရွာက သိန်းလွင်စိုး ကတော့ ဒီနံနက် အစောပိုင်းမှာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပြီ စစ်တပ်ကို ဖုန်းဆက်တာ မလာရဲဘူးလို့ ပြောတယ်တဲ့ နာရေးကားပဲ လွှတ်လိုက်မယ်ဆိုပြီး ကားပဲလွှတ်လိုက်တာ လာတင်သွားတယ်။ သိန်းလွင်စိုးက နွားပွဲစား အရင်တခေါက် တုန်းက စစ်ကြောင်းထိုးမှာသိလို့ PDF က မိုင်းထောင်တာကို သူကသွား ချွန်တာ အဲ့တုန်းက PDF ရဲဘော် ၁ ဦး သူ့ကြောင့် ကျဆုံးခဲ့ရတယ်။ PDF နဲ့ တက်ကြွလှုပ်ရှားသူတွေ NLD ဝန်းရံသူတွေတော့ သူ့ကြောင့် အိမ်မနေရဲဘူး ပြေးနေကြရတာ ရွာမှာက သူကြီး မရှိတော့တာကြာပြီ ဘယ်သူမှလည်းတက်မလုပ်ရဲကြဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

မတ်လ ၂ ရက်နေ့ ပျော်ဘွယ်မြိုနယ်၊ရွာသစ်ကျေးရွာနှင့်ပေပင်ရှည်ကျေးရွာကြားတွင် စစ်တပ်က စစ်ကြောင်းထိုးလာစဉ် PDF တပ်များက မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်က ကြိုတင်သတင်းရရှိ၍ မိုင်းဆွဲမှုမှ လွတ်မြောက်သွားပြီး PDF ရဲဘော် မောင်ခန့်မင်းသော် အသက် ၁၆နှစ်ကို ပစ်သတ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် သိန်းလွင်စိုးက စစ်တပ်ကို သတင်းပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article