31 C
Yangon

မိုးမောက်နှင့် မံစီမြို့ ရဲစခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး စစ်တပ်စခန်းများကျန်ရှိနေ၍ မြို့သိမ်းရန် ဆက်လက်တိုက်နေ၊ ဗန်းမော်မြို့ကိုလည်း တိုက်ခိုက်သိမ်းယူရန် ရှိနေ

Must read

မတ်လ ၇ ရက်နေ့ စတင်ခဲ့သော KIA ၏ စစ်ဆင်ရေးက ဒုတိယအဆင့် ရောက်ရှိ

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နှင့် မံစီမြို့ ရဲစခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး စစ် တပ်စခန်းများကျန်ရှိနေ၍ အဆိုပါမြို့ ၂ ခုကို သိမ်းပိုက်ရန် ဆက်လက် တိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုးမောက်မြို့၊ မံစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA က စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ်ရှိ စင်းစခန်း၊ ဧရာ၀တီမြစ်ကူးတံတားလုံခြုံရေးဂိတ်၊ ကာကင်းစခန်းများ စုစုပေါင်း စခန်း ၅ ခုကို နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ နေ့လယ်ပိုင်းတွင် မိုးမောက်မြို့ ရဲစခန်းနှင့် မံစီမြို့ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“KIA က မိုးမောက်ရဲစခန်းကိုလည်း သိမ်းလိုက်ပြီးတော့ မိုးမောက်မြို့ထဲကိုလည်း စပြီး ခြေချနေပြီ။ မိုးမောက်မြို့ထဲမှာတော့ အလုံးစုံ မသိမ်းပိုက်နိုင်သေးဘူး။ ခမရ ၄၃၇ မြို့စောင့်တပ်စခန်းကျန်သေးတယ်။ အဲဒီကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ပစ်နေတယ်။ မိုးမောက်မြို့ထဲမှာလည်း တော်လှန်ရေးတပ်တွေက ရပ်ကွက်တွေထဲကို တဖြည်းဖြည်းနေရာယူနေပါတယ်။ မိုးမောက်မြို့ ကြေးနန်းနဲ့ မန်ဘုံရပ်ကွက်တွေမှာ တိုက်ပွဲကတော့ တောက်လျှောက် ပြင်းထန်နေတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ်” ဟု မိုးမောက်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မံစီမြို့နယ်တွင်လည်း မံစံမြို့မရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်စခန်းကိုမူ သိမ်းပိုက်ရန် ဆက်လက် ကြိုးပမ်းနေရဆဲဖြစ်နေကြောင်း၊ ဗန်းမော်မြို့ကိုလည်း များမကြာမီး တိုက်ခိုက် သိမ်းယူရန်ရှိနေကြောင်း သိရှိရသည်။

“မံစီရဲစခန်းက မနေ့မနက်ပိုင်းမှာပဲရတယ်။ ဒီဘက်က အင်အားပြည့် တက်လာတော့ မံစီရဲစခန်းထဲက ရဲနဲ့ စစ်သားတွေ ပစ်ပြီး ဆုတ်ပြေးကြတယ်။ မံစီမြို့ထဲမှာတော့ အပြန်အလှန် ပစ်နေကြတာ။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်တယ်။ မြို့သိမ်းတိုက်ပွဲတော့ ဆက်တိုက်ဖို့ရှိတယ်။ ဗန်းမော်ဘက်ကိုလည်း တော်လှန်ရေးတပ်တွေ အများကြီး ရောက်နေကြပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း ၃ ခုကိုလည်း ယမန်နေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး မုန်ဂါဇွမ်၊ လော့ဖြူး နှင့် ဖော့ဒေါ့ ပြည်သူ့စစ် တပ်စခန်းများကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများမှာ ယခုအခါ ဒုတိယအဆင့် စစ်ဆင်ရေးကြီးများအဖြစ် ရောက်ရှိသွားပြီဖြစ်ပြီး ယခုလပိုင်း စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ဟောင်ဝစ်ဇာ အမြောက်များ၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
“အခု KIA စစ်ဆင်ရေးက ဒုတိယအဆင့်လို့ပြောလို့ရမယ်။ စစ်ဆင်ရေးကြီးတွေ ထပ်လာဖို့ ရှိနေတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ – ယမန်နေ့ စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းတစ်ဦး၊ ကဂမဘွမ်စခန်းမှ သိမ်းဆည်းရရှိသော ဟောင်ဝစ်ဇာအမြောက်၊ ဆယ်ဇင်းစခန်းမှ ရရှိသော လက်နက်ခဲယမ်း၊ သိမ်းပိုက်ရရှိသော စင်းခန်း လုံခြုံရေးဂိတ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article