30 C
Yangon

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့အရေး ကြားဝင်ရန် ကြိုးပမ်းမှုအပေါ် စစ်ကောင်စီနှင့်တော်လှန်ရေး နှစ်ဖက်စလုံးက လက်မခံ

Must read

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့အရေး ကြားဝင်ရန် ကြိုးပမ်းမှုအပေါ် စစ်ကောင်စီနှင့်တော်လှန်ရေး နှစ်ဖက်စလုံးက လက်မခံ

■ စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့များကို အိမ်နီးချင်းနိုင်ငံများအနေဖြင့် အားပေးအားမြှောက်မလုပ်ရန် အကြမ်းဖက် ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ မေ ၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့အရေး ကြားဝင်ရန် ကြိုးပမ်းမှုအပေါ် စစ်ကောင်စီနှင့် တော်လှန်ရေး နှစ်ဖက်စလုံးက လက်မခံကြကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အဖွဲ့က ကရင်အမျိုးသားအစည်း အရုံးKNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကချင် KNO ၊ ရှမ်းRCSS နှင့် NUG မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းများက ဆိုသည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများနှင့် NUG ဘက်က ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ဆုံမှု ရှိ၊ မရှိကို တရားဝင် အတည်ပြု ထုတ်ပြန်ထားခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့များကို အိမ်နီးချင်းနိုင်ငံများအနေဖြင့် အားပေးအားမြှောက်မလုပ်သင့်ကြောင်း ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း မြန်မာနိုင်ငံကို ဆန့်ကျင်သော အဖွဲ့များကို အားပေးအားမြှောက် မလုပ်သင့်ဟု ပြောဆိုသည်။

“မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့နိုင်ငံတွေများပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မြန်မာနိုင်ငံနဲ့ရော တပ်မတော်နဲ့ရော ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ကျနော်တို့သဘောထားကတော့ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အကျိုးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆန့် ကျင်ဘက် လုပ်နေတဲ့ အကြမ်းဖက်အားပေးလုပ်နေတဲ့ အဖွဲ့တွေကို အားပေးအားမြှောက်မလုပ်သင့်ဘူးလို့ ယူဆပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း မြန်မာနိုင်ငံရေး ကြားဝင်စေ့စပ်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ကြိုးပမ်းမှုများကိုလည်း ပယ်ချခဲ့ကြောင်း ထိုင်း The Nation က သတင်းဖော်ပြသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အားလုံးအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် သက်ဆင်က သူ့ကိုယ်သူ ကြားဝင်စေ့စပ်သူအဖြစ် ကမ်းလှမ်းလာကြောင်း တိုင်းရင်းသား အသိုင်းအဝိုင်းက ပြောသည်။

သို့သော်လည်း သက်ဆင်၏ လုပ်ဆောင်ချက်သည် ဆွေးနွေးပွဲတွင် ပါဝင်သည့် EAO များ၏ ကျယ်ပြန့်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ သက်ဆင်သည် မြန်မာနိုင်ငံရှိ ပဋိပက္ခများ၏ ရှုပ်ထွေးရှုပ်ထွေးမှုများကို နားလည်မှု မရှိနိုင်ဟု တိုင်းရင်းသား ခေါင်းဆောင်များက သံသယရှိကြသည်။

သက်ဆင်က EAO ကိုယ်စားလှယ်များထံသို့ တွေ့ဆုံရေး ဖိတ်ခေါ်ခဲ့ရာတွင် သေချာစွာ သိရှိပုံမရကြောင်း၊ ဥပမာ- ကချင်အမျိုးသား အစည်းအရုံး (KNO) ကို ဖိတ်ခေါ်ခဲ့ပြီး အင်အားကြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် လွဲမှားနေပုံရကြောင်း၊ KNO သည် အဖွဲ့ငယ်လေးမျှသာဖြစ်ကြောင်း သိရှိရသည်။

“သက်ဆင်က အဖွဲ့တစ်ခုချင်းစီကို သူ့ကို ကြားဝင်စေ့စပ်သူအဖြစ် လက်ခံ လက်မှတ်ရေးထိုး လုပ်ပိုင်ခွင့်ပေးဖို့ စာရွက်စာတမ်းယူလာပြီး လက်မှတ်ထိုးခိုင်းတယ်။ သက်ဆင်တင်ပြတဲ့ စာတမ်းကို ဘယ်အဖွဲ့မှ လက်မှတ်မထိုးပါဘူး” ဟု ထိုင်းအစိုးရကို နှောင့်ယှက်မည်ကို စိုးရိမ်ကြောင်း The Nation သတင်းက ဆိုသည်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သက်ဆင်၏ မြန်မာ့အရေး သက်ဆိုင်သူများနှင့် တွေ့ဆုံမှုသည်ပုဂ္ဂိုလ်ရေးကိစ္စဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ထိုင်းနိုင်ငံ၏ တရားဝင်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပဒိုစောတောနီးက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် KNU တွေ့ဆုံမှုမရှိဟု ပြောဆိုသည်။

“မသိပါဘူး။ ဘာမှလည်း မရှိပါဘူးခင်ဗျ” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်။

Photo- ရိုက်တာသတင်းဌာန။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article