25 C
Yangon

မောင်တော၊ ရွှေရင်အေးရွာကို စစ်ကောင်စီနှင့်လက်အောက်ခံ မွတ်စလင်လက်နက်ကိုင်တချို့က မီးရှို့မှု လူမျိုးစု နှစ်ခု ပဋိပက္ခ သို့ ဦးတည်ရန် စစ်တပ်က ဖန်တီးနေဟု NUG လူ့အခွင့်အရေး ဒုဝန်ကြီး သတိပေး

Must read

စစ်တပ်လက်အောက်ခံ ရိုဟင်ဂျာများ၏ လုပ်ရပ် ရှုတ်ချဟု အတိအလင်း ဝေဖန်

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည် မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို မေလ ၉ ရက် နံနက် ၄ နာရီခန့်အချိန် စစ်တပ်နှင့် လက်အောက်ခံ ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တချို့က မီးရှို့ခဲ့ပြီး အဆိုပါ မီးရှို့မှုကို ရှုတ်ချကြောင်း၊ လူမျိုးစု နှစ်ခု ပဋိ ပက္ခ သို့ ဦးတည်ရန် စစ်တပ်က ဖန်တီးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက သတိပေးလိုက်သည်။

မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင်လက်နက်ကိုင်တချို့က မီးရှို့နေသော ဗီဒီယိုသည် မေလ ၁၃ ရက်နေ့တွင် ဗီဒီယိုင်ဖိုင် ထွက်ပေါ်လာခဲ့ကြောင်း ၊ဗီဒီယိုဖိုင်တွင် မွတ်စလင်တချို့က ဓာတ်ဆီဗူးများ ကိုင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် မီးရှို့ခဲ့ကြကြောင်း၊ ရွှေရင်အေးကျေးရွာသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၅ နယ်ခြားစောင့်တပ်စခန်းနှင့်နီးပြီး ညောင်ချောင်းမွတ်ဆလင်ကျေးရွာနှင့်လည်း နီးကပ်ကြောင်း၊ မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ညောင်ချောင်းမွတ်ဆလင်ကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး မွတ်စလင်များကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားလျှက်ရှိကြောင်း စစ်သင်တန်းဆင်း မွတ်စလင်လက်နက်ကိုင်များနှင့် နခခ ၅ မှ စစ်ကောင်စီတပ်သား ပူးပေါင်းအဖွဲ့က ရွှေရင်အေးရွာကို မီးရှိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၉ ရက်နေ့ စစ်ကောင်စီတပ်သားများက ရွှေရင်အေးကျေးရွာအပြင် မိုင်ဝက်ခန့်ဝေးသည့် ဝေသာလီကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ဝေသာလီကျေးရွာမှ နေအိမ် ၁၅ ဆောင်ထက်မနည်းကို စစ်သင်တန်းဆင်း မွတ်စလင်များနှင့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ထို့ပြင် ပစ်ခတ်မှုများကြောင့် အသက် ၃၀ ကျော် ရခိုင်အမျိုးသမီးတစ်ဦး ရင်ဝ၌ ကျည်ဆံထိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ အမှတ် ၅ နယ်ခြားစောင့်တပ် (နခခ ၅ တပ်စခန်း)က ရခိုင်ပြည်အနှံ့ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောက ခေါ်ယူထားသော မွတ်စလင်များကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ လူမျိုးတိုင်းမှာ ရှိသလို ရိုဟင်ဂျာတွေမှာလည်း အများအပြားရှိနေတာကို ကျွန်တော့်အနေနဲ့ အရင်ကလည်း ငြင်းခဲ့တာ မရှိပါ။ အာဆာအဖွဲ့အပါအဝင် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်ပြီး မတော် မတရား လုပ်နေတဲ့ အစွန်းရောက်အဖွဲ့တွေ အကြောင်းလည်း ကျွန်တော် ယခင်ကတည်းက ပစ်ပစ်ခါခါ ကြိမ်ဖန်များစွာ ဝေဖန်ရှုတ်ချခဲ့တာတွေကို အားလုံးလည်း အသိပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ လက်ပါးစေ၊ လက်ကိုင်တုတ်တွေနဲ့ သာမန်အရပ်သားပြည်သူတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ အကုန်လုံးကို သိမ်းကျုံး စွပ်စွဲနေတာက ပဋိပက္ခကို ပိုလို့ တိုးစေမယ်ဆိုတာကိုလည်း သတိချပ်သင့်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်ကလည်း လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာကိုပါ။ ဒါကိုလည်း သတိထားဖို့ လိုပါမယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေရဲ့ လိုလားချက်က အာရကန်ပြည်ထဲ ကျွန်တော်တို့ ရိုဟင်ဂျာအပါအဝင် ရခိုင်၊ ဒိုင်းနက်၊ ခမီ၊ ကမန်၊ မြို၊ မရမာ၊ ချင်း၊ ဗမာနဲ့ ဟိန္ဒူတွေ အားလုံး တန်းတူညီမျှ ဒေသအကျိုးစီးပွားကို အတူတူ လုပ် ကိုင်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဖြစ်တယ်ဆိုတာကို လေးလေး နက်နက် ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက လူမှုကွန်ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့်အတူ ဩဇာခံပြီး လက်နက်ကိုင် ဖျက်ဆီးနေသော ရိုဟင်ဂျာများကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ စစ်ကောင်စီ၏ လှည့်ကွက်အတွင်းသို့ မဝင်ကြရန်လည်း ထပ်မံ သတိပေးသည်။

“အာရကန်ပြည် တည်ငြိမ်အေးချမ်းရေး ပျက်ပြားပြီး လူမျိုးဘာသာ မတူသူတွေကြား ပဋိပက္ခဖြစ်အောင် အကြမ်းဖက်သူ၊ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူ၊ အမုန်းတရားပြောသူ၊ မမှန်သတင်းများ ထုတ်ဖော်ပြောဆိုသူ မည်သူ့ကိုမဆို မည်သည့်အဖွဲ့အစည်းကိုမဆို ရိုဟင်ဂျာတွေပင်ဖြစ်လင့်ကစား ကျွန်တော့်အနေနဲ့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ မောင်တော ရွှေရင်အေးရွာကို ဝင်ရောက် မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ အတူ စစ်သင်တန်းဆင်း၊ စစ်ဝတ်စုံဝတ် ရိုဟင်ဂျာတွေရဲ့ လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အာရကန်ပြည်အတွင်း ပြည်သူတွေအားလုံးအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်အပေါ် စိတ်ခံစားမှုအရ တုန့်ပြန်ခြင်း မပြုဘဲ အသိနဲ့ သတိကပ် ဆင်ခြင်ဖို့ တိုက်တွန်းပါတယ်။ အကြမ်းဖက်စစ်ကောင်စီက မကြာခင် သူတို့အနေနဲ့ အပြီးတိုင် လက်လွှတ်ရတော့မယ့် အာရကန်(ရခိုင်)ပြည်ကို လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးပြီး ထားခဲ့မဲ့ အခြေအနေတွေ ရှိနေတယ်ဆိုတာ တနေ့တခြား ဖြစ်လာတဲ့ အခြေအနေတွေအရ သေချာနေပါပြီ။ အတိတ်က ဖြစ်ရပ်ဆိုးတွေ ဟာ ကျွန် တော်တို့အတွက် သင်ခန်းစာကောင်းတွေ အများကြီး ရနေပါတယ်။ ဒါကြောင့်မို့ ရိုဟင်ဂျာ၊ ရခိုင် ရပ်ရွာအခြေ ပြု ရပ်မိရပ်ဖများအနေနဲ့ အချင်းချင်းကြား ပိုမို ထိတွေ့ဆက်ဆံကာ အကြမ်းဖက် စစ်ကောင်စီနဲ့ လက်ကိုင်တုတ် အပေါင်းအပါတွေရဲ့ လှည့်ကွက်ထဲ မဝင်မိစေဖို့ လုပ်ဆောင်ကြပါလို့ အကြံပြုလိုပါတယ်” ဟု NUG လူ့အခွင့်အရေး ဒုဝန်ကြီးက အကြံပြု ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article