သံတွဲမြို့နယ်၊ ရွှေလှေတံတား အနီး တပ်စွဲထားသော စစ်သားများကို လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေး၊ စစ်စခန်းအနီး ရိက္ခာများ မရောက်ဘဲ တောစပ်ကို ကျရောက်သောကြောင့် စစ်သားများ ထွက်မကောက်ရဲ
ရန်ကုန်၊ မေ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေတံတား အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် သံတွဲမြို့နယ် ရွှေလှေတံတား အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်လေယာဉ်က ကျဲချပေးခဲ့သော ရိက္ခာများသည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ကျရောက်ခြင်းမရှိဘဲ တောစပ်အနီး ကျရောက်ခဲ့သောကြောင့် စစ်သားများ သွားရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရှိရသည်။
” Y12 လို့ ယူဆရတဲ့ စစ်လေယာဉ်နဲ့ ရိက္ခာချပေးနေတာ သူတို့ ရိက္ခာချပေးတဲ့ နေရာက စခန်းနားကို မကျဘဲ တောစပ်နားကို ကျသွားတယ်။ စစ်သားတွေတော့ အခုထိ သွားကောက်တာမတွေ့သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။