25 C
Yangon

ထားဝယ်မြို့၊ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရှိ ရဟတ်ယာဉ် ထားရှိရာ နေရာနှင့် အရာရှိများ စုဝေးရာ အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ထားဝယ်မြို့၊ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရှိ ရဟတ်ယာဉ် ထားရှိရာ နေရာနှင့် အရာရှိများ စုဝေးရာ အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရှိ ရဟတ်ယာဉ် ထားရှိရာ နေရာနှင့် အရာရှိများ စုဝေးရာ အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၊ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရှိ အရာရှိပိုင်းများ စုဝေး‌‌ရောက်ရှိရာ အဆောက်အဦးနှင့် MI-2 ရဟတ်ယာဉ် ၂ စီး ရပ်နားထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှု အခြေအနေ အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ဘက်ကတော့ အရှေ့တောဘက်ကနေ ပြန်လာတဲ့ ရဟတ်ယာဉ်ဆင်းတဲ့ အချိန်ကို ချိန်သားကိုက် ကျဲချတာဖြစ်တယ်။ ကျွန်တော်တို့ ကျဲပြီးပြီးချင်းမှာပဲ စစ်ခွေးတွေဘက်က ဒရုန်းလာရာဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ စစ်‌ဆင်ရေးတစ်ခုလုံးမှာ ဗုံး ၈ လုံးကျဲချနိုင်ခဲ့တယ်” ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ရေးတုန့်ပြန်မှု အနေဖြင့် အနီးအနားရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် ၁ စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ပစ်ခတ်ခဲ့သော်လည်း ဒရုန်းစစ်ဆင်ရေး ရဲဘော်များ ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း TPLF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF၊ TPLF Drone တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းမှ Sky Ghost Drone force၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ T5 Wing၊ ဒေါနစစ်ကြောင်း တပ်ခွဲ (၄) KBDF Drone တပ်ဖွဲ့၊ YAF Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article