မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအနေဖြင့် မသေချာမရေရာမှု အသစ်များနှင့်ထပ်မံ ရင်ဆိုင်နေရ (နိဂုံး)
By USIP
ရိုဟင်ဂျာများကို စစ်ကောင်စီက အတင်းအဓမ္မ စစ်သားအဖြစ်စုဆောင်းခြင်း
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအကြား တပ်ဖွဲ့ဝင်အရေအတွက်များမှာ နည်းပါးကျဲပြန့်လာခြင်းကြောင့် တပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်လာစေရန်အတွက် စစ်အုပ်စုက ယခုနှစ် ဖေဖော်ဝါရီလတွင် အသက်မဝင်သေးသည့် မဖြစ်မနေစစ်မှုထမ်းမှု ဥပဒေကို ပြန်လည်ပြဌာန်းခဲ့သည်။ ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်ခွင့်ကို ယခုအချိန်အထိ ငြင်းဆိုထားဆဲ ဖြစ်သော်လည်း ရိုဟင်ဂျာအမျိုးသား လူငယ်များမှာ စစ်မှုထမ်းစုဆောင်းရာတွင် အထူး တလည် ပစ်မှတ်ထား ခံနေရကြဆဲ ဖြစ်သည်။
ရက်အနည်းငယ်မျှသာ လေ့ကျင့်ပေးပြီးနောက် ၎င်းတို့မှာ များသောအားဖြင့် လူသားဒိုင်းအဖြစ် ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်ခံကြရသည်။ စစ်ကောင်စီအတွက် တိုက်ပွဲဝင်နေကြသည့် အဖွဲ့ဝင်အချို့မှာ အတင်းအကျပ် စေခိုင်းခံရနိုင်ခြေ ရှိသော်လည်း၊ မကြာသေးမီရက်သတ္တပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများမှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အဖွဲ့ဝင်အရေအတွက် အများအပြား ရှိခဲ့သည်ကို ဒုက္ခသည်များက သတိပြုမိကြပြီး၊ ထိုအချက်က အေအာရ်အက်စ်အေနှင့် စစ်ကောင်စီတို့အကြား ပိုမိုမြင့်မားသည့် ညှိနှိုင်းဆောင်ရွက်မှုအဆင့်တစ်ခု ရှိနေသည်ကို ညွှန်ပြနေသည်။
အချို့သောကိစ္စများတွင် စစ်သားစုဆောင်းရေးအတွက် စစ်ကောင်စီနှင့် တိုက်ရိုက်ညှိနှိုင်းလုပ်ဆောင်နေကြသည့် အေအာရ်အက်စ်အေ တပ်မှူးများက တပ်သားများအား ခေါ်ယူနေခြင်းဖြစ်သည်။ အေအာရ်အက်စ်အေသည် စစ်ကောင်စီကိုယ်စား အရပ်သား ရိုဟင်ဂျာများကို စုဆောင်းရာတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု သိရှိရသည်။
အေအာရ်အက်စ်အေ တိုက်ခိုက်ရေးသမားဟောင်းများအား ၎င်းတို့၏ စစ်ရေးအတွေ့အကြုံရှိမှုအရ စစ်ကောင်စီက ခေါ်ယူခန့်ထားကြောင်း မကြာသေးမီက သတင်းပေးပို့မှုများ ရှိနေသည်။ ဤအချက်က အေအာရ်အက်စ်အေကို မြန်မာစစ်တပ်က ခေါ်ယူခန့်ထားခြင်း သို့မဟုတ် မြန်မာစစ်တပ်က ဖန်တီးဖွဲ့စည်းထားခြင်းဖြစ်သည်ဟူသည့် ရိုဟင်ဂျာအများအပြားက လက်ခံထားကြသည့် နှစ်ပေါင်းများစွာကြာ ထင်မြင်ယူဆချက်ကို ထောက်ခံနေသည်။
အေအေက ရိုဟင်ဂျာများအား စစ်အုပ်စု၏ တပ်ဖွဲ့များအတွင်းသို့ ၀င်ရောက်ခြင်းမပြုကြရန် သတိပေးထားပြီး၊ နစကနှင့် အေအာရ်အက်စ်အေတို့၏ လှုပ်ရှားမှုများကို သတင်းပို့ရန် ညွှန်ကြားထားသည်။ အေအေကိုယ်တိုင်က ရိုဟင်ဂျာများကို တိုက်ခိုက်ရေးသမားအဖြစ် စုဆောင်းထားခြင်းမျိုး မရှိချေ။
စစ်ကောင်စီအရာရှိများက သေနတ်ပြခြိမ်းခြောက်၍ ၎င်း၏ကျေးရွာမှ ခေါ်ယူသွားခြင်းခံရသည့် အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးမှာ၊ ၎င်းတို့ကို အေအေတိုက်ခိုက်ရေးသမားများ ဝန်းရံထားသည့် စစ်တပ်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိလာခဲ့ရပြီးနောက် စွန့်စွန့်စားစား ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
“လေ့ကျင့်မှု ကောင်းကောင်း ရထားတဲ့ နစကတပ်သား တစ်ရာလောက်ကတောင် အေအေကို ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး” ဟု အဆိုပါ အမျိုးသားက ပြောပြခဲ့သည်။ “ ‘ခင်ဗျားတို့ လေ့ကျင့်ထားတဲ့ တပ်သားတွေကတောင် နိုင်အောင် မတိုက်နိုင်ဘဲနဲ့ စစ်ပညာမတတ်တဲ့ ကျွန်တော်တို့ အယောက် ၅၀ ကို ခင်ဗျားတို့က ဘာလို့ သွားခိုင်းတာလဲ’ လို့ ကျွန်တော်တို့ အဲဒီတပ်မှူးကို မေးကြည့်မိတယ်။ တကယ်တော့ ကျွန်တော်တို့ အသတ်ခံရတာကိုသာ နစကက လိုချင်နေတယ်ဆိုတာ ကျွန်တော် သိလာခဲ့ရတယ်။” သူသည် နှစ်ရက်ကြာ လမ်းလျှောက်ပြီးနောက် ဝေးလံခေါင်သီသည့် နေရာတစ်ခုမှ နယ်စပ်ကို ဖြတ်ကျော်ကာ ကောက်ဆက်စ်ဘဇားသို့ ရောက်ရှိလာခဲ့သည်။
အကျပ်အတည်းများက တိုးမြင့်လာလျက် ရှိနေသော်လည်း မြန်မာနိုင်ငံနှင့်ရှိနေသည့် ၎င်း၏နယ်စပ်ကို ဆက်၍ပိတ်ထားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြေညာထားသည်။ ထွက်ပြေးလွတ်မြောက်လာသူ၏ ပြောဆိုချက်အရ သူ၏ရွာမှ ရွာသားများအနေဖြင့် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရပြီး အကယ်၍ ၎င်းတို့အနေဖြင့် နယ်စပ်အားဖြတ်ကူးနိုင်ရန် မျှော်လင့်ချက်ရှိခဲ့ပါက ထွက်ပြေးသွားခဲ့ကြပြီး ဖြစ်လိမ့်မည်ဟု ဆိုသည်။
“နယ်စပ်က ပိတ်ထားတယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ အဲဒါကြောင့် ရိုဟင်ဂျာမိသားစုတွေအနေနဲ့ တိုက်ပွဲတွေနဲ့ စီးနင်းတိုက်ခိုက်မှုတွေအတွင်းမှာ ပုန်းအောင်းဖို့အတွက် နေအိမ်ကြမ်းပြင်တွေမှာ ကျင်းတွေတူးထားရတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာပါတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာကြသည့် စစ်မှုထမ်းရမည့်သူများနှင့် အခြားသူများမှာ ကောက်ဆက်စ်ဘဇားသို့ ရောက်ရှိလာခဲ့ကြပြီး ဆွေမျိုးများက စခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြသော်လည်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိုကဲ့သို့သော လုပ်ဆောင်မှုများကို နှိမ်နင်းဖြိုခွင်းလာနိုင်သည်။ ပြီးခဲ့သည့် ဧပြီလအစောပိုင်းက စခန်းသို့ အသစ်ရောက်ရှိလာသည့် မိသားစုတစ်စုမှာ ရောက်ရှိလာပြီး မကြာမီအချိန်အတွင်းမှာတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရကြောင်း သိရှိရသည်။
ရပ်ရွာအသိုက်အဝန်းများအကြား အပြန်အလှန် ဆက်သွယ်မှုအပေါ် သက်ရောက်မှုများ
—————————————————————————————————
လက်ရှိအခြေအနေက ရိုဟင်ဂျာနှင့် ရခိုင်အသိုက်အဝန်းများအကြား ဆက်ဆံရေးအပေါ် လက်ငင်းနှင့် ရေရှည် သက်ရောက်လာစရာများ ရှိနေသည်။ စစ်ကောင်စီနှင့် အေအေ နှစ်ဖက်စလုံးက ရိုဟင်ဂျာများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် ၎င်းတို့၏ ခေါင်းဆောင်များ၏ စိတ်ကိုနှိုးဆွသည့် ပြောဆိုမှုများက နှစ်ဘက်အကြား ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေခဲ့သည်။ မတ်လအတွင်း အေအေ၏ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ရိုဟင်ဂျာအစား “ဘင်္ဂါလီ” ဟူသော အသုံးအနှုန်းအား သုံးစွဲခြင်းကို ခုခံကာကွယ်လျက် လူမှုကွန်ရက်ပေါ်တွင် ဒေါသကိုဆွပေးသည့် မှတ်ချက်များကို ရေးတင်ခဲ့သည်။
ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ပြင်ပမှလူများအဖြစ် ရှိနေသည့် ၎င်းတို့၏ အနေအထားကို မှန်ကန်တရားမျှတမှုအတွက် အကြောင်းပြရန် အလွန်အမင်း စော်ကားပုတ်ခတ်ထားသော ဘင်္ဂါလီများ၏ မရေရာသည့် အကြောင်း ပြချက်အဖြစ် ၎င်းက ရှုမြင်ထားသည်။ ထွန်းမြတ်နိုင်၏ ပြောဆိုမှုအတွင်း များသောအားဖြင့် အသုံးအနှုန်းကို ပို၍သတိထားလေ့ရှိခဲ့ပြီး၊ သူ၏ ဘင်္ဂါလီဟူသော အသုံးအနှုန်းက ချစ်ကြည်ရင်းနှီးမှုကို ရှာဖွေနေသည့် ရိုဟင်ဂျာဟူများအား စိတ်ပျက်ဒေါသထွက်စေခဲ့သည်။
မောင်တောမြို့နယ်မှ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက၊ အေအာရ်အက်စ်အေက နစကနှင့်အတူ သိသာထင်ရှားစွာ ညှိနှိုင်းလုပ်ဆောင်နေမှုများအပေါ် ရခိုင်လူမှုအသိုက်အဝန်းများက တုန့်ပြန်လာသည်နှင့်အတူ ငုပ်လျှိုးနေသည့် ရန်လိုမုန်းတီးမှုများက နိုးထလာခဲ့ကြောင်း “၂၀၁၂ ခုနှစ် ပဋိပက္ခအပြီး နောက်ပိုင်းနှစ်တွေမှာ တွေ့ခဲ့ရတဲ့ ရခိုင်လူမျိုးတွေရဲ့ အလားတူ မုန်းတီးမှုမျိုးကို ကျွန်တော်အခု ခံစားလာရတယ်” ဟု ပြောဆိုခဲ့သည်။
ယခုအခါ ဖြစ်လာနိုင်ခြေရှိသည့်အတိုင်း အကယ်၍ အေအေက ရခိုင်ပြည်နယ်အတွင်း ၎င်း၏ စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ထိန်းချုပ်မှုကို စုစည်းခိုင်မာစေရန် လုပ်ဆောင်လာခဲ့လျင် ရိုဟင်ဂျာပြဿနာကို အေအေက မည်သို့ချဉ်းကပ်မည် ဆိုသည်က ခန့်မှန်းရခက်နေသည်။
အေအေ၏ အောင်ပွဲရမှုက စစ်အုပ်စု၏ ပြိုလဲမှုကို ဖြစ်လာစေနိုင်ပြီး၊ အဓိကအားဖြင့် အာဏာမှ ဖယ်ရှားခံခဲ့ရသည့် ရွေးကောက်ခံအရာရှိများ ပါဝင်နေသော အမျိုးသားညီညွတ်ရေး အစိုးရ (အန်ယူဂျီ) က ဦးဆောင်ရန် အလားအလာရှိသည့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိရန် လမ်းခင်းပေးလာနိုင်သည်။
ရိုဟင်ဂျာများအပေါ် ထားရှိသည့် အန်ယူဂျီ၏ ရပ်တည်ချက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တိုးတက်သည့် မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်များနှင့်အတူ ၎င်း၏လူ့အခွင့်အရေးဝန်ကြီးဌာနတွင် ရိုဟင်ဂျာလူမျိုး အောင်ကျော်မိုးအား ခန့်အပ်ထားရှိခြင်းအပါအဝင် အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း မသေချာမရေရာမှုများနှင့် သံသယဖြစ်စရာများက ဆက်၍ရှိနေကြသေးသည်။
ထိုကဲ့သို့သော ကြိုးပမ်းမှုများက ရိုးသားမှုမရှိဘဲ နိုင်ငံတကာ၏ ဖိအားများလျှော့ချနိုင်ရေး သေချာစေရန်အတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည်တစ်ဦးက ယူဆထားသည်။ ” သူတို့အနေနဲ့ ကျွန်တော်တို့ကို လိုအပ်နေတယ်၊ ဘာပြုလို့လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ဒုက္ခရောက်ရမှုက နာမည်သတင်း အကျော်ကြားဆုံး ဖြစ်နေတာကြောင့်ပါ” ဟု အဆိုပါဒုက္ခသည်က ပြောဆိုခဲ့သည်။
ထိုကဲ့သို့သော ဖိအားများ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် ရခိုင်နှင့် အခြားတိုင်းရင်းသား အသိုက်အဝန်းများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရမည်ဆိုသည်ကို ရိုဟင်ဂျာများက ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားခဲ့ကြသည်။ ဆယ်စုနှစ်များစွာတိုင် စစ်အုပ်စုက အသုံးပြုနေခဲ့သည့် သွေးခွဲအုပ်ချုပ်မှုဆိုင်ရာ နည်းပရိယာယ်များနှင့်ပတ်သက်၍ လူအများက ပိုမိုသိရှိနားလည်လာခဲ့ကြပြီး ဖြစ်နေသည်။ ထိုအချက်က တင်းမာမှုများ ထိန်းမနိုင်သိမ်းမရ ပြန့်ပွားမှုကို လျော့ပါးသက်သာစေရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။
သို့ရာတွင် စစ်တပ်အနေဖြင့် ၎င်း၏စွမ်းအားများ လျော့ကျလာသည့်တိုင် အချင်းချင်းအကြား သဘောထားကွဲလွဲမှုများ ဖြစ်လာစေရေး သွေးထိုးပေးရန် ဆက်လက်ကြိုးစားနေလျက် ရှိသည်။ စစ်သားစုဆောင်းခံရမှုမှ ထွက် ပြေးလွတ်မြောက်လာခဲ့သူက ၎င်းတို့ သင်တန်းသားများအား ဘာသာရေးအရ အသုံးချရန် အရာရှိတစ်ဦး၏ ရှင်းလင်းပြတ်သားစွာ ကြိုးပမ်းမှုကို ဖော်ပြခဲ့ရာတွင် “သူက ကျွန်တော်တို့ကို ဂျီဟဒ်အယူအဆတွေနဲ့ ဦးနှောက်ဆေးဖို့ ကြိုးစားခဲ့တယ်။ ‘မင်းတို့ရဲ့ တမန်တော်ကြီးက ညွှန်ကြားခဲ့တဲ့အတိုင်း မင်းတို့အနေနဲ့ ဂျီဟဒ်စစ်ပွဲကို ဆင်နွှဲကြရမယ်။ မင်းတို့ရဲ့ ဘာသာတရားအရ မင်းတို့ရဲ့သေဆုံးမှုက အလဟဿဖြစ်သွားမှာ မဟုတ်ဘူး’ ” ဟု ထိုအရာရှိက ပြောဆိုခဲ့သည်။
အေအေက အောင်ပွဲရနိုင်ခဲ့လျင်ပင် ဒေသအတွင်း မတည်မငြိမ်ဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရန်အတွက် ရပ်ရွာအသိုက်အဝန်းများအကြား ပဋိပက္ခများကို လှုံ့ဆော်ဖန်တီးရန် စစ်ကောင်စီအနေဖြင့် ဆက်လက်၍ ကြိုးပမ်းသွားဖွယ် ရှိနေသည်။ ဒုက္ခသည် လူငယ်တဦးက ပြောဆိုချက်အရ “စစ်ကောင်စီရဲ့ အဓိကစီမံချက်က ရိုဟင်ဂျာနဲ့ရခိုင် အသိုက်အဝန်း နှစ်ခုစလုံးကို ဖျက်ဆီးပြီး ရခိုင်ပြည်ကို စစ်ဒေသနယ်တစ်ခုအနေနဲ့ ထာဝစဉ်ထားရှိသွားဖို့ ဖြစ်ပါတယ်။”
အနာဂတ် အခွင့်အလမ်း
—————————–
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ယူအယ်လ်အေ) အစိုးရအနေဖြင့် – (အေအေမှာ ယူအယ်လ်အေ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်) – ရခိုင်ပြည် ပြန်လည်တည်ဆောက်ရေးအတွက် ကြီးမားများပြားသည့် ပြင်ပမှ ပံ့ပိုးကူညီမှုများကို လိုအပ်မည်ဖြစ်ပြီး၊ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ လွှမ်းမိုးမှုကို တိုးမြှင့်သွားရန် ဖြစ်နိုင်ခြေ ရှိလာလိမ့်မည် ဖြစ်သည်။
ရခိုင်ဒေသအနေဖြင့် မြန်မာနိုင်ငံ၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများမှ အထီးကျန်ဖြစ်နေပြီး အနောက်ဘက်ပိုင်းသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုအပေါ် ပို၍မှီခိုလာရဖွယ် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း ယူအယ်လ်အေ၏ တစ်ခုတည်းသော အိမ်နီးနားချင်းအဖြစ် ထူးခြားသည့် အနေအထားတွင် ရှိနေလိမ့်မည်ဖြစ်ပြီး၊ ထိုအချက်က ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရန်အတွက် သံတမန်ရေးအရ ချဥ်းကပ်မှုနည်းလမ်းသစ်တစ်ရပ်ကို ဖော်ဆောင်ရန်အတွက် တွန်းအားပေးလာလိမ့်မည် ဖြစ်သည်။
အေအေက ၎င်း၏ချုပ်ကိုင်မှုကို စုစည်းခိုင်မာစေရန် လုပ်ဆောင်လာသည်နှင့်အတူ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက် ကြမည့်သူများအနေဖြင့် ရှုထောင့်စုံမှ အကျပ် အတည်း၏ အတိုင်းအတာပေါင်းစုံတို့ကို ထည့်သွင်းတွက်ချက်ကြရမည် ဖြစ်သည်။
ဓာတ်ပုံ- ယခုနှစ်အတွင်းစစ်ကောင်စီက စစ်သင်တန်းပေး လက်နက်တပ်ဆင်ထားသော မွတ်စလင်လူငယ်များ။