26 C
Yangon

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မင်းအောင်လှိုင်ဆက်ရှိလျှင် မည်သည့်အပစ်အခတ်ရပ်စဲရေးမှ မရှိနိုင်ပါ

Must read

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မင်းအောင်လှိုင်ဆက်ရှိလျှင် မည်သည့်အပစ်အခတ်ရပ်စဲရေးမှ မရှိနိုင်ပါ

By Igor Blazevic

စစ်တပ်ကိုတော်လှန်နေတဲ့ တပ်ဖွဲ့တွေအနေနဲ့ လွတ်မြောက် နယ်မြေတွေ သိသိသာသာတိုးချဲ့လာနိုင်ပြီး ကျယ်ပြန့်လာတာနဲ့အမျှ အုပ်ချုပ်ဖို့ တာဝန်တွေ ပိုကြီးလာပြီး ပြည်သူတွေရဲ့ အရေးကို အာရုံစိုက်ဖို့ ဖိအားလည်းပိုများလာ နိုင်ပါတယ်။

နယ်မြေတွေကို အုပ်ချုပ်တဲ့ နေရာမှာ ပိုပြီးစနစ်ကျနလာအောင်၊ ဥ‌ပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခြေခံ ပြည်သူ့ ဝန်ဆောင်မှုတွေကိုပေးလာနိုင်အောင် ဆောင်ရွက်ပေးရမယ့် တာဝန်ရှိနေတဲ့အပြင် အဲဒါတွေကို ဖြည့်ဆည်းပေးဖို့ တည်ငြိမ်တဲ့ ဘဏ္ဍာရေးရလမ်းရပေါက်တွေရှိလာဖို့ကလည်း စစ်တပ်ကို ဆက်ပြီး တိုက်နေတဲ့အလုပ်ထက်ပိုပြီး အလျင်စလို လုပ်ပေးရမယ့် ဝတ္တရားတွေ ဖြစ်လာနိုင်ပါတယ်။ စစ်တပ် ဘက်ကလည်း တော်လှန်ရေး တပ်တွေကို ပြန်ပြီးထိုးစစ်ဆင်ဖို့ စိတ်ထက်သန်မှုလျော့နေတဲ့ အချိန်မျိုးဆိုရင် အထက်ပါ တာဝန်ဝတ္တရားတွေက ‌ရှေ့တန်းကို ရောက်လာမယ့် သဘောရှိပါတယ်။

အောက်တိုဘာ ၂၀၂၃ ကနေ စလို့ အပြင်းအထန်ရင်ဆိုင်တိုက်ခဲ့ရတဲ့ စစ်ကာလဟာလည်း နည်းနည်း ကြာလာပြီမို့ လူတိုင်းဟာ ခြေကုန်လက်ပန်းကျလာနိုင်တဲ့ အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။ တိုက်နေတဲ့ အစုအဖွဲ့တွေအားလုံးကလည်း မိမိတို့ရသလောက် ရပြီးပြီဖြစ်တာမို့ စစ်ဆင်ရေးတွေ အပူတပြင်း မလုပ်တော့ဘဲ လျှော့ချလိုက်ဖို့ ပြင်လာနိုင်ကြပါတယ်။ ဒီလိုစစ်ပွဲတွေဘက်ကနေ တခြားဘက်ကို လည်သွားဖို့ အင်အားကြီးတစ်စုတစ်ဖွဲ့က စလုပ်လိုက်ပြီဆိုတာနဲ့ တခြားတစ်ဖွဲ့ကလည်း သူ့အနောက်ကို လိုက်ဖို့ မခက်တော့ပါဘူး။ တခြားလူတွေကလည်း ဒီအတိုင်း လိုက်လုပ် လာနိုင်ကြပါတယ်။

အိမ်နီးချင်းတွေဖြစ်တဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်တို့ ထိုင်းတို့ကလည်း စစ်တပ်ကိုရော EROs တွေကိုရော နှစ်ဖက်စလုံးကို အပစ်အခတ်ရပ်စဲတာကို လက်ခံကြပြီး ညှိနှိုင်းဆွေးနွေးတာတွေ စလုပ်ကြဖို့ တိုက်တွန်းလာနိုင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အကူအညီပေးရော အေဂျင်စီတွေထဲက အလှူရှင်တွေ၊ သံတမန်တွေ၊ INGOs, နဲ့ NGOs တွေကလည်း ဒီအခြေအနေမျိုးထဲမှာ သူတို့အတွက် အခွင့်အလမ်းကို ရှာကြပြီး ဒီလမ်းကိုစလျှောက်မယ့် အဖွဲ့အတွက် ဆုချဖို့ စောင့်နေနိုင်ကြပါတယ်။

မင်းအောင်လှိုင်က စစ်တပ်ဘက်ကို အကြီးအကဲဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဒီအခင်းအကျင်းမျိုး ဖြစ်ဖို့ ခက်ပါတယ်။ သူက မဟာဗျူဟာကျတဲ့ ဘယ်လို အပေးအယူမျိုးကိုမှ လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။ အာဆတ်လို တိုင်းပြည်ဘာဖြစ်ဖြစ် သူ့ဘက်က အနိုင်နဲ့ ပိုင်းချင်တာ တစ်ခုပဲ သိပါတယ်။ သူနဲ့အတူ စကစဟာလည်း ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတာ သိပ်များခဲ့တာကြောင့် တော်လှန်ရေးဘက်က ဘယ်သူကမှလည်း သူတို့ကို ဆွေးနွေးဖက်လုပ်ပြီး လက်ခံညှိနှိုင်းလိုကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အချိန်တစ်ခုကိုရောက်ရင်တော့ အားပျော့လာတဲ့ စစ်တပ်ဟာ သူ့ကိုယ်သူ ကယ်ဆယ်ဖို့ အတွက် မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ပိုပြီးပျော့ပျောင်းပုံရတဲ့ လူတွေနဲ့ ဖွဲ့စည်းပြထားတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတာမျိုး အသက်သွင်းလာနိုင်ပါတယ်။ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနဲ့ အတူ အာဆီယံကလည်း ဒါကို အခွင့်အလမ်းလို့ မြင်လာနိုင်ပြီး လက်လွတ် မခံသင့်ဘူးလို့ ယူဆနိုင်တယ်။

ဒီလို လမ်းမျိုးကို လျှောက်ဖို့ အခွင့်အရေးအနေနဲ့ ချက်ချင်းကောက်ယူပြီး ယုံကြည်မှုတွေ ပေးလာကြသလို မက်လုံးတွေနဲ့ ဆွယ်လာနိုင်ကြပါတယ်။ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဆီယံနဲ့ အိမ်နီးချင်းတွေဆီက လက်ခံတာဆိုရင်ဘာပဲဖြစ်ဖြစ် သဘောတူ လိုက်ဖို့ ဝန်လေးကြမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့မပါရရင်ပြီးရော ရောပြီး လက်ခံလိုက်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေမှာတော့ မပြင်းထန်တဲ့ တိုက်ပွဲတွေ အချိန်ကာလ တစ်ခုအထိ ဆက်ဖြစ်နေနိုင်ပါတယ်။ တခါတရံမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါ်လာနိုင်ပေမယ့် ယေဘုယျ အားဖြင့်တော့ ပြိုလွယ်ကွဲလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးက အိမ်နီးချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ အသက်ဝင်နေမှာ ဖြစ်ပါတယ်။ (ဥပမာ- ဒီနေ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ အခြေအနေမျိုးပါ။)

ပဋိပက္ခ လျော့ကျလာတဲ့အခြေအနေကို နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းမှုတွေ ပေါ်လာအောင်ဆက်ပြီး တွန်းကြပါလိမ့်မယ်။ တချို့ကတော့ အာဏာကို မျှပြီး ခွဲဝေသုံးစွဲရေး သဘောတူညီချက်အသစ်တွေ ထွက်အောင်လုပ်ဖို့ တွန်းကြမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ တစ်နိုင်ငံလုံးရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ တော်လှန်ရေးနဲ့ NUG တို့ကို ဘေးကို ဆွဲထုတ်သွားကြမှာပါ။

မြန်မာနိုင်ငံရေးကို အရင်တုန်းက ကြုံတွေ့ရင်းနှီးခဲ့ဖူးပြီးသား အီလစ်တွေရဲ့ သဘောတူညီချက်တွေနဲ့ ရှေ့ဆက်ကြမယ့် ပုံစံတစ်ခုစီကို အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာက ပြန်ပြီး ဆွဲခေါ်သွားနိုင်ပါတယ်။ စစ်တပ်၊ လူများစု ဗမာတွေကိုကိုယ်စားပြုတဲ့ နိုင်ငံရေး ကိုယ်စားလှယ်အချို့နဲ့ EAOs တွေကြားမှာ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲတွေကနေ အီလစ်သဘော တူညီမှုတွေ ထွက်လာအောင်လုပ်ကြတဲ့ပုံစံပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article