25 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

Must read

“ဂျပန်မှာ လွှတ်တော်အမတ်တွေရော သက်ဆိုင်ရာတွေနဲ့ရော တွေ့ ဆုံခွင့်ရတာဟာ တော်လှန်ရေး အင်အားစုတွေဘက်က တိုးတက်ပြောင်းလဲလာမှုတွေကြောင့် ဆိုတာ သေချာပါတယ်။ ဂျပန်နိုင်ငံက တော်လှန်ရေးအတွက် တံခါးစပွင့်လာတာကို မြင်ရတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်း ရေးမှူး Salai Thla Hei တို့ပါဝင်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုတွေက ဂျပန်နိုင်ငံမှာ ဂျပန်အစိုးရ၊ ဂျပန်လွှတ် တော်အမတ်တွေနဲ့ ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ ဇနီး အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အခုရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ NUG ဝန်ကြီးအနေနဲ့ ဂျပန်နိုင်ငံကို KNU ၊ KNPP ၊ CNF ရော ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ ရောက်နေတယ်ဆိုတော့ ဒီခရီးစဉ်အကြောင်း ရှင်းပြပေးပါ။

ဖြေ။ ။ ဒါကတော့ အခုဟာက ကျွန်တော်တို့ ဒီ တော်လှန်ရေးမှာ တိုးတက်မှုတစ်ခုအနေနဲ့ ဒါ ပြီးခဲ့တဲ့ နှစ် ၂၀၂၃ ဩဂုတ် အဲဒီလောက်ကတည်းက စခဲ့တာလို့ ပြောရင်လည်း ရပါတယ်။ အဲဒီတုန်းက အပြီးဆိုပြီးတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ခဲ့တာ ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ NUG နဲ့ ချက်က Prague မှာ တွေ့တယ်။ တွေ့ပြီးတော့ အဲဒီကနေ ကြေညာချက်တစ်ခုထုတ်ခဲ့တယ်။ အဲဒီကနေ စပြီးတော့ ကျွန်တော်တို့တတွေ ဘုံသဘောတူညီချက်စရတယ်။ အဲဒီရလာတာကနေ အားလုံးမှတ်မိပါလိမ့်မယ်။

ဇန်နဝါရီလ ၃၁ ရက်‌နေ့ အားလုံးတိုင်းရင်းသား K3C နဲ့ NUG နဲ့ ဘုံသဘောတူညီချက်တွေကို ကြေညာခဲ့တယ်။ အဲဒီ ဘုံသဘောတူညီချက်တွေထဲမှာ ကျွန်တော်တို့တတွေ အားလုံးပေါင်းပြီးတော့ Coordinated advocacy နိုင်ငံတကာကို ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ၊ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ ဘယ်လိုမျိုး အနာဂတ်ကို ရည်မှန်းတယ်။ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလဟာ ဘယ်လိုဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ဒီဟာနဲ့ ပတ်သက်ပြီး ပြောဖို့ Advocacy လုပ်ဖို့ဆိုတာ ဆုံးဖြတ်ချက်တစ်ခုပါတယ်။

ဒါကြောင့် အဲဒီ ဆုံးဖြတ်ချက် ဘုံသဘောတူညီချက်နဲ့ အခုဟာက ဒါ နိုင်ငံတကာကို သွားနေတာ ။ တကယ်တော့ ဒီရှေ့မှာ သွားခဲ့တဲ့ နိုင်ငံတွေ ရှိတယ်။ ဒါပေမဲ့ အခု ဂျပန်မှာတော့ နည်းနည်း ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ဖြစ်တဲ့ သဘောလို့ ပြောရင်ရတယ်။

ဒီခရီးစဉ်ကို ဂျပန်အစိုးရအနေနဲ့ ဖိတ်တာတော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်ကို အားလုံးဝိုင်းပြီး စီစဉ်ကြတဲ့ သဘောဖြစ်ပါတယ်။ ဂျပန်ဘက်က အဖွဲ့အစည်းတွေရော မြန်မာ အသိုင်းအဝိုင်းတွေရောနဲ့ ဒီဟာကို စီစဉ်တဲ့ ခရီးစဉ်လို့ ပြော လို့ရပါတယ်။ အထူးသဖြင့် စောစောက ဒီ K3C ထဲက ကရင်နဲ့ ကရင်နီတို့နဲ့ ချိတ်ပြီးတော့ ဒါကို စီစဉ်ဆောင်ရွက်တဲ့ သဘောဖြစ်တယ်။ အဲဒီမှာ NUG ရဲ့ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အစိုးရရဲ့ တာဝန်ပေးချက်အရ ကျွန်တော် ဒီအဖွဲ့ထဲမှာ ပါတာ ဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိမှာ NUG ၊ KNU , KNPP ရော အားလုံး တိုင်းရင်းသားတွေက ဂျပန်အစိုးရဘက်က ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ ။ ပြီးတော့ လွှတ်တော်အစိုးရဘက်က ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ သိလို့ရမလားဗျ။

ဖြေ။ ။ ကျွန်တော်တို့ ဒီမှာ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်လို့ ပြောလို့ရတယ်။ ခုန လွှတ်တော်နဲ့ဆိုရင် လွှတ်တော်ထဲမှာ တွေ့ပြီးတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ လူတွေနဲ့ နိုင်ငံနဲ့ ပတ်သက်တဲ့ အရင်ကတည်း က ချိတ်ဆက်ထားတဲ့ လွှတ်တော် အမတ်ကြီးတွေ ရှိတယ်။ သူတို့တွေနဲ့ တွေ့ပြီးတော့ လွှတ်တော်ထဲမှာ မြန်မာနိုင်ငံရဲ့ အကြောင်းကို Advocacy Meeting ၂ ကြိမ်လုပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

နောက်တခြား သတင်းတွေလည်း တက်လာမှာပါ။ အခု သူတို့ဘက်က ထုတ်ပြန်တာတွေလည်း ရှိတယ်။ အဲဒီမှာ အရင်တုန်းက ဝန်ကြီးချုပ်ကြီးဟောင်း ရှင်ဇိုအာဘေးရဲ့ ဇနီးနဲ့လည်း ကျွန်တော်တို့ တွေ့ခဲ့တာ ရှိတယ်။ နောက် ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ရှိတယ်။

မေး။ ။ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌ တွေ့ဆုံတာရှိတော့ အဲဒီတွေ့ဆုံမှုမှာ NUG အနေနဲ့ ဆရာကြီး ပါဝင်တွေ့တာရှိလား။

ဖြေ။ ။ လောလောဆယ်တော့ ဆရာ့အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး ဖြေဖို့မရှိဘူး။ Comment ပေးဖို့ မရှိဘူး လို့ ပြောချင်တယ်။

မေး။ ။ အဲဒီတော့ အခု ဂျပန်အစိုးရ တာဝန်ရှိသူတွေ၊ ဂျပန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံကြတယ်။ အားလုံးတွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး သူတို့ဘက်က တုံ့ပြန်ချက် ဘယ်လိုရှိလဲ။

ဖြေ။ ။ တော်တော်များများတော့ သူတို့ သတင်းတွေ ဂျာနယ်တွေထဲ ရှိတယ်။ နောက် သူတို့ဘက်က ထုတ်ပြန်ချက်တွေကို ကြည့်ရင်လည်း သိနိုင်တယ်။ ဆရာတို့ KNU ဥက္ကဋ္ဌ ကဒိုကွယ်ထူးဝင်းတို့ နဲ့ NHK သတင်းဌာနမှာ အင်တာဗျူးတွေ လုပ်ထားတာ ရှိတယ်။ အဲဒါတွေလည်း မီဒီယာတွေထဲမှာ ကြည့်ရင် တွေ့နိုင်တယ်။ နောက်တစ်ခုကတော့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ရဲ့ Response အနေနဲ့ တချို့ဟာတွေက သူတို့ရဲ့ Comment တွေပါ ပါတယ်။

အဲဒါဆိုရင် သူတို့ဘက်က ပြည်သူလူထုဘက်က Response ၊ ဂျာနယ်တွေဘက်က Response၊ NHK ဆိုရင် သတင်းဌာနကြီးပဲ သူတို့ရဲ့ Response ပြီး‌တော့ အစိုးရနဲ့ လွှတ်တော်ရဲ့ သဘောထား တချို့ကို ကျွန်တော်တို့ သိရှိနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အဲဒါကို စုဆောင်းနေတဲ့ သဘောရှိတယ်။ ဘာလို့ဆို ကျွန်တော်တို့က အခုက ခရီးက သွားနေတုန်းဖြစ်တဲ့အတွက် စုဆောင်းနေတဲ့ သဘောရှိတယ်လို့ ပြောချင်တယ်။

အကြမ်းဖျဉ်းပြောရရင်တော့ အရင်တုန်းကလည်း ကျွန်တော်တို့ အခုလိုမျိုး သွားခဲ့ကြတယ်။ တစ်ဖွဲ့ချင်းစီ သွားတာတို့ ၂ ဖွဲ့ပေါင်းသွားတာတို့ ရှိပေမယ့် အခုလိုမျိုး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ လာတာကို အရမ်း ကျွန်တော် ထင်တယ် ကြိုဆိုတဲ့ သဘော ကျွန်တော် တွေ့ရတယ်။

ဒါဟာ ကျွန်တော်တို့အတွက်ရော သူတို့အတွက်ရော ထူးခြားတဲ့ အခြေအနေတစ်ခုလို့ သုံးသပ်တာကို တွေ့ရတော့ ကျွန်တော့် သဘောကတော့ အမြဲတမ်း အကောင်းမြင်တဲ့ ဘက်ကပေါ့ဗျာ။ အကောင်းမြင်တဲ့ ဘက်က တွေးရရင်တော့ ဒါက ကျွန်တော်တို့ တော်လှန်ရေးအတွက် ကောင်းတယ်။ ကျွန်တော်တို့ အင်အားစုတွေအတွက် ကောင်းတယ်။ ဒါဟာ ဂျပန်ဘက်ကလည်း ဒါကို အကောင်းမြင်တယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း (သို့မဟုတ်) ၆၅ ရာခိုင်နှုန်း တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီဆိုတဲ့ ဒီရဲ့ စစ်ရေးဆိုင်ရာထုတ်ပြန်ချက်ကိုရော ဒီရဲ့ ဂျပန်အစိုးရနဲ့ ဂျပန်လွှတ်တော်ဘက်က ဘယ်လိုတုံ့ပြန်တယ်လို့ ကြားသိရလဲ ။

ဖြေ။ ။ တကယ်က သူတို့က ကျွန်တော်တို့ကို Follow လုပ်နေတာပါ။ သူတို့ ကျွန်တော်တို့ကို သိတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေးအနေအထားတွေ ၊ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ဟာကို အချိန်နဲ့ တပြေးညီ လိုက်ပြီးတော့ သုံးသပ်နေတယ်လို့ ကျွန်တော် မြင်တယ်။ အခု ကျွန်တော်တို့ကို အခုလိုမျိုး တွေ့ဆုံလို့ရတယ်။ အခုလိုမျိုး ဂျပန်မှာ လွှတ်တော်ရော သက်ဆိုင်ရာကိုရော ဒီလို တွေ့ခွင့်ရတာဟာ မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုးတက်ပြောင်းလဲလာမှုတွေကြောင့်ဆိုတာ သိသာပါတယ်။

ဒါကို သူတို့ သိပြီးသားပါ။ မြေပြင်အခြေအနေတွေကို သိပြီးသားပါ ။ ဒါကြောင့်လည်းပဲ လက်ခံပြီးတော့ တွေ့ဆုံတာဖြစ်တယ်။ စောစောက ကျွန်တော်တို့ရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ အများကြီး မေးခွန်း မထုတ်ခဲ့ပါဘူး။ မေးခွန်းထုတ်တာက အနာဂတ်အတွက် သူတို့ဘက်က ဘယ်လိုကူညီရမလဲ ဘာတွေ လုပ်ပေးသင့်လဲ။ ဒါကြောင့်လည်း Presentation မှာ ပါလီမန်ကို ကျွန်တော် တင်ပြတောင်းဆိုခဲ့တဲ့ အချက်တွေ ရှိတယ်။ အဲဒါတွေကို သူတို့ တောင်းဆိုခဲ့တာ ရှိတယ်။ သူတို့အနေနဲ့ ဘယ်လို ပါဝင်သင့်တယ်၊ ဘယ်လို ကူညီသင့်တယ်။

ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ရဲ့ တော်လှန်ရေးအတွက် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအတွက် အခုလို ကြားကာလ အသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့ အခက်အခဲတွေကို ကူညီဖို့ ပြောတယ်။ သူတို့ဘက်ကလည်း အဲဒါတွေကို မေးတဲ့ သဘောဖြစ်ပါတယ်။

မေး။ ။ နိုင်ငံနဲ့ တော်လှန်ရေးအတွက် ဂျပန်ဘက်က ဘယ်လို ကတိကဝတ်တွေ သူတို့အနေနဲ့ ပေးမယ်လို့ ကတိပြုတာ ရှိလား ။

ဖြေ။ ။ အခုချိန်မှာက ဒါက တကယ်တမ်းစဉ်းစားကြည့်ရင် ကတိကဝတ်တွေ ရခဲ့တယ်လို့တော့ မဟုတ်ဘူး။ တကယ်တန်းစဉ်းစားကြည့်ရင် အရင်ထက်စာရင် ဂျပန်ရဲ့ သဘောထားနဲ့ ကျွန်တော်တို့ အပေါ် ဆက်ဆံမှုက တိုးတက်ပြောင်းလဲလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို စောစောကပြောသလို ဘယ်လိုနေရာတွေကို ကူညီရမလဲ ကူညီသင့်သလဲ မေးတာကိုက ကောင်းတဲ့အချက်လို့ ပြောလို့ရပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ တခြားအခြေအနေတွေပေါ်မှာ အတော်တော့ ကောင်းတဲ့ ဘက်ကို မျှော်လင့်ချင်တယ်လို့ ပြောလို့ရပါတယ်။ အတိအကျတော့ မီဒီယာတွေမှာ မပြောသေးပါဘူး။

မေး။ ။ ဂျပန်ဘက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်ဘက်က ဘာပြောလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ရှိသလဲ သိသလားလို့ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ ဘယ်လိုရှိသလဲတို့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်သလဲလို သူတို့မေးခဲ့တာရှိတယ်။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး မေးခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ် သက်ပြီး ဖြေတာတော့ ဆရာတို့ သိပြီးသား ဖြစ်မှာပါ။ ကျွန်တော် အရမ်းကို စိုးရိမ်ပါတယ်။ ဒေါ်အောင်စုကြည်နဲ့ ပတ်သက်ပြီး အရမ်းကို စိုးရိမ်ပါတယ်။ သူ့ အသက်အရွယ်နဲ့ရော သူ့ကျန်းမာရေးအတွက်လည်း စိုးရိမ်တယ်။ သူ့လုံခြုံရေးအတွက် စိုးရိမ်တယ်။ အခုလိုအနေအထားမျိုးမှာ သူဘယ်မှာ ရှိတယ်ဆိုတာ သေချာမသိရတော့တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ပိုပြီးစိုးရိမ်တယ်ဆိုတာ ဖြေခဲ့တယ်။

နောက် NUG အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ NUG ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲတမ်း ကြိုးစားနေတယ်။ စုံစမ်းနေတယ်။ အမြဲတမ်းပဲ စိုးရိမ်ပူပန်နေတယ်လို့ ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ခုနက ဆရာမေးတဲ့ မေးခွန်းအရ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မေးမြန်းခြင်း ဒါနဲ့ ပတ်သက်ပြီးတော့ တိတိကျကျမေးမြန်းခြင်းမရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။

မေး။ ။ နောက်တစ်ခုက သူတို့အနေနဲ့ ဒီလို တွေ့ဆုံမှု ။ ဂျပန်အစိုးရရော ဂျပန်လွှတ်တော်ဘက်ကရောက ထဲထဲဝင်ဝင်ထိတွေ့တယ်။ တိုင်းရင်သားတွေရော NUG ဘက်ရော တကယ့်ကို ရင်းရင်းနှီးနှီးနဲ့ ဒီခရီးစဉ်ကို ခွင့်ပြုတယ်။ ဒါ သူတို့ ခွင့်ပြုပေးမှ ရတာလေ။ခွင့်ပြုပေးတယ်ဆိုတာ ဒါဟာ တိုးတက်မှု လက္ခဏာတစ်ခုဖြစ်သလို NUG ကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတဲ့အထိ သွားနေပြီလို့ ပြောလို့ရလား။

ဖြေ။ ။ ဒါကတော့ ပြောဖို့ခက်ပါတယ်။ ကျွန်တော် ထင်တယ်။ ဒါကတော့ ပြောဖို့ခက်တယ်။ အခုဟာက တကယ်တော့ ကျွန်တော်တို့ကို တရားဝင်အသိအမှတ်ပြုတဲ့အနေအထားမျိုးတော့ မရောက်သေးဘူး ဆိုတော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောသလို ကျွန်တော်တို့တွေရဲ့ ဒီဘက်က စည်းလုံးညီညွတ်မှုပေါ့။

ဒါ ဆရာတို့ သိပြီးသားပါ ကျွန်တော်တို့ တော်လှန်ရေးရဲ့ Strategy ဗျူဟာတွေထဲက အရေးကြီးတဲ့ ဗျူဟာဖြစ်တဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှု၊ ကျွန်တော်တို့ အချင်းချင်းကြားမှာ နားလည် ညီညွတ်မှု၊ ဘုံသဘောတူညီမှုဆိုတာ အတော်အရေးကြီးတယ်။ အဲဒါတွေကို အသိအမှတ်ပြုခံရတဲ့ သဘောရှိတယ်။ ဒါကိုတော့ ကျွန်တော် ပြောချင်တယ်။ ကျွန်တော်တို့တွေရဲ့ ညီညွတ်မှု ပေါင်းစည်းမှုတွေဟာ အခုလိုမျိုး နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့အရေးကြီးသလို ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်ဖို့အတွက် အရေးကြီးတယ်။ အနာဂတ်အတွက်လည်း အရေးကြီးတယ်။

မေး။ ။ KNU ၊ KNPP ၊ CNF နဲ့ NUG စုပေါင်းထားတဲ့ ဂျပန်ခရီးစဉ်လိုမျိုး နောက်ထပ် စုစုစည်းစည်းသွားမယ့် ခရီးစဉ်တွေ နောက်ထပ်စီစဉ်ထားတာတွေရော ရှိသလား။ ဒီလိုမျိုး တော်လှန်ရေးပတ်သက်ပြီးတော့ နိုင်ငံတကာကို ရှင်းပြပြီးတော့ ဒီလို ထိထိရောက်ရောက်လုပ်ဖို့ အနာဂတ်မှာရော အစီအစဉ်ရှိလား။

ဖြေ။ ။ ရှိတယ်လို့ ပြောလို့ရပါတယ်။ စောစောက ပြောခဲ့သလို ကျွန်တော်တို့ရဲ့ ဘုံသဘောတူညီချက်ထဲမှာ ပါတယ်။ ကျွန်တော်တို့တွေ အခုလိုမျိုး Coordinate လုပ်ပြီးတော့ ဆက်လုပ်သွားဖို့ရှိတယ်။ ဘယ်နိုင်ငံတွေ၊ ဘယ်အချိန် ဘယ်မှာလဲဆိုတာတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။

မေး။ ။ ဂျပန်လွှတ်တော်မှာ ဆွေးနွေးခဲ့တာရော ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တဲ့ဟာရော ပြည်သူ လူထုကို နွေဦးတော်လှန်ရေးပတ်သက်ပြီးတော့ လက်ရှိ ဂျပန်နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ တိုးတက်မှုအနေနဲ့ ဆရာတို့ အသိပေးချင်တဲ့ သတင်းစကား ဘယ်လို သတင်းစကားတွေကို အသိပေးချင်လဲ။

ဖြေ။ ။ ကျွန်တော်ထင်တယ်လေ ဒီဟာက ကျွန်တော်တို့ အစဉ်တစိုက် ဂျပန်နိုင်ငံက လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီးတော့ အကူအညီတွေ ပေးခဲ့တာတွေ ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ ဒါကတော့ သိပြီးသားပဲ အထူးပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေရဲ့ သံယောဇဉ်ဆက်စပ်မှုတွေ ရှိတာလည်း အားလုံးအသိပဲပေါ့။

ဆရာတို့ သိပြီးသားပဲ ဒုတိယကမ္ဘာစစ်ထဲမှာ ရှိခဲ့တဲ့ ဂျပန်တွေ သူတို့ရဲ့ အဖေတွေ အမေတွေ အဘိုးတွေ အဘွားတွေဆက်စပ်ပြီးတော့ သူတို့တွေကို အရင်တုန်းက မြန်မာတွေက ဆက်ဆံပြီးတော့ Save လုပ်ခဲ့တာတွေက အစ ဒီ သံယောဇဉ်တွေလည်း ရှိတယ်။

အဲဒါမျိုးတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ကျွန်တော် မြင်တယ်။ အဲဒီ သံယောဇဉ် အဲဒီ ဆက်နွှယ်မှု ကျွန်တော်ဆိုရင် ဂျပန်နိုင်ငံက တက္ကသိုလ် ၆ ခုနဲ့ ကျွန်တော်တို့ အရင်တုန်းက ဆေးတက္ကသိုလ်တုန်းက စာချုပ်ချုပ်ပြီး အလုပ်လုပ်ခဲ့တယ်။ ကျွန်တော် ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ်လုပ်နေတဲ့ အချိန်မှာ ဆေးတက္ကသိုလ် ၁ မှာ JICA က office တစ်ခုဖွင့်ပြီးတော့ ၂ နိုင်ငံရဲ့ ကျန်းမာရေး လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု လုပ်ခဲ့တာရှိတယ်။

အဲဒါပြီးတော့ ကျွန်တော် ကိုယ်တိုင် ဂျပန်မှာ ဒီကျောရိုးခွဲစိတ်ပညာကို ၂၀၀၄ ခုနှစ်က လာသင်ထားတာဆိုတော့ အချိတ်အဆက်အဆက်အနွှယ်တွေ အများကြီး ရှိတယ်။ အလားတူပါပဲ ဒီ ကရင်တို့ ကရင်နီတို့ ချင်းတို့ ဒီဟာတွေလည်း သူတို့ အဆက်အနွှယ်တွေ အစကတည်းက ရှိနေပြီးသား။

အဲဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးအတွက် အထောက်အကူဖြစ်မယ့် အခုလက်ရှိလိုအပ်နေတဲ့ လူသားချင်းစာနာမှုအရေးတွေ ၊ နောက်နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ ၊ နောက်တစ်ခုက ဒီ Transition မှာ ဖြစ်ပေါ်လာမယ့် အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်ပေါ်လာမယ့် လိုအပ်ချက်တွေ အဲဒါတွေ အတွက် ကျွန်တော်ထင်ပါတယ် ဂျပန်နိုင်ငံက တော်လှန်ရေးအတွက်တော့ စပြီးတော့ တံခါးစပွင့်လာတဲ့ အနေအထားလေး မြင်ရတယ်ပေါ့ဗျာ။ အဲဒါလေးကို ပြည်သူလူထုကို သတင်းစကားပါးချင်တယ်။ အားပေးချင်တယ်လို့ ပြောရင် ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆက်ပြီး အလုပ်လုပ်ဖို့၊ ဒီက ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ ပိုပြီးတော့ လမ်းပွင့်သွားတယ်လို့ ပြောချင်ပါတယ်ဗျ။

မေး။ ။ ပြည်ပတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တာတို့ ဆိုရင် ကျွန်တော်တို့ ပြည်တွင်းထဲမှာ ရှိတဲ့ CDM ကျောင်းသားတွေ၊ CDM လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ အတွက်ရော အခွင့်အလမ်းတွေ ဒီဂျပန်ခရီးစဉ်ကနေ ပါလာနိုင်လား ခင်ဗျာ။

ဖြေ။ ။ ကျွန်တော် ကြိုးစားနေတယ်ပေါ့ဗျာ။ ပါလာနိုင်ပါတယ်။ ဒီ အမေရိကားကနေ ပြန်လာတုန်းက အရီဇိုးနား ယူနီဗာစီတီ နဲ့ စာချုပ်ချုပ်ထားတယ်။ အခု အရီဇိုးနားယူနီဗာစီတီက အွန်လိုင်းစကော်လာတို့ On Ground စကော်လာတို့ စပေးနေပြီ။ အလားတူပဲ ဂျာမနီသွားတော့ ဂျာမနီမှာ DAD တို့ ဘာတို့နဲ့ ချိတ်ဆက်ပြီးတော့ လုပ်တော့ အဲဒီဟာလည်း တချို့ စရတယ်။ ကိုရီးယားက ရတယ်၊ ဩစတြေးလျက တချို့ရတော့ အခု ဂျပန်မှာလည်း အခုအဲဒီလိုမျိုး ကြိုးစားပြီး မျှော်လင့်ပါတယ်။

ဒါ့အပြင် ဒါက အခုအချိန်မှာ အသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့တွေ လွတ်လွတ်လပ်လပ်ပိုပြီးတော့ သွားလာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံ အနာဂတ်နိုင်ငံအတွက် Capacity Building ကို ဂျပန်ကနေ အများကြီး ယူစရာရှိမယ်။ နောက် ဂျပန်နိုင်ငံရဲ့ ပညာရေးက ကမ္ဘာပေါ်မှာ အကောင်းဆုံးပညာရေး စနစ်တစ်ခုဖြစ်တာကြောင့် အဲဒါတွေက ကျွန်တော်တို့ အနာဂတ်အတွက် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျေးဇူးပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article