25 C
Yangon

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၁၆၆ ဦးကို AA က ကယ်တင်

Must read

AA က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များအပေါ် AA က ငြင်းဆိုပြီး အမေရိကန်တွင် ရခိုင်တိုင်းရင်းသားများက ကုလ သမဂ္ဂ၏ စွပ်စွဲချက်ကို ဆန္ဒပြ

ရန်ကုန်၊ မေ ၂၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၁၆၆ ဦးကို AA က ကယ်တင်လိုက်ကြောင်း AAက တရားဝင် သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဘူးသီးတောင်မြိုနယ်၊ ကျောက််ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာ၊ င/ကျဥ်တောက် မူဆလင်ကျေးရွာများကို တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးနေသဖြင့် အဆိုပါကျေးရွာ ၃ ခုမှ ထွက်ပြေးလာသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ ၁၆၆ ဦးကို အာရက္ခတပ်တော်က မောင်တောမြိုနယ်၊ အောင်ဇေယျကျေးရွာအနီးတွင် တွေ့ရှိ ၍ ကျန်းမာရေးမကောင်း သူများကို AA က ​ဆေးကုသမှု ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘူးသီးတော်မြို့ပေါ်တွင် ရိုဟင်ဂျာများကို နှင်ထုတ်ပြီး နေအိမ်များကို AA က မီးရှို့ကြောင်း၊ ရိုဟင်ဂျာများကို သတ်ဖြတ်မှုများလည်း ကျူးလွန်နေကြောင်း ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူများက AA ကိုစွပ်စွဲလျက်ရှိကြောင်း Reuters သတင်းတစ်ရပ်အရ သိရှိရသည်။

AA ဘက်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ဘူးသီးတောင်မြို့ကို AA မဝင်ခင်ကတည်းက စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် ဘူးသီးတောင်မြို့ မီးလောင်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက Reuters သတင်းဌာနထံသို့ ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က်က ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းကြောင့် အရပ်သားပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာများ အပေါ် နောက်တစ်ကြိမ် ကြောက်မက်ဖွယ်ရာ နှိပ်စက်သတ်ဖြတ်မှုများ ပေါ်ပေါက်မလာအောင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဖိအားပေးကြရန် တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အမေရိကန်ရောက် အာရက္ခပြည်ဖွားများက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးရှေ့မှာ မေ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ဗော်လ်ကာ တာ့က် ၏ ပြောဆိုချက်များမှာ သတင်းအမှားများကို အခြေခံပြီး ရခိုင်လူထုနှင့် AA အား ပြစ်တင်ပြောဆိုခြင်းများနှင့် စစ်ကောင်စီအပါအဝင် စစ်ကောင်စီ လက်ကိုင်တုတ်များကို အားပေးအားမြှောက်ပြုသည့် စကားများကို ပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။

ဗော်လ်ကာ တာ့က်၏ ထုတ်ပြန်‌ပြောဆိုချက်များသည် ကမ္ဘာတွင် ရခိုင်လူမျိုးတည်ရှိမူကိုပါ ခြိမ်းခြောက်ရာရောက်ပြီး အာရက္ခပြည်သူများအား လူ့အခွင့်အရေး တရားမျှတရေး လွတ်မြောက်ရေး ငြိမ်းချမ်းရေး စစ်အာဏာရှင် တိုက်ဖျက်ရေးများကိုလည်း မျက်ကွယ်ပြုလုပ်ဆောင်နေသည်ဟု ဆန္ဒပြသူများက ဆိုသည်။

လက်ရှိရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲများအတွင်း အရပ်သား ပြည်သူများ သတ်ဖြတ်ခံရခြင်းများ ဖမ်းဆီးခံမှုများ အန္တရာယ်ရှိနေကြောင်း ဗော်လ်ကာ တာ့က်က ပြောဆိုခဲ့သည်။

ယင်းအခြေအနေတွင် မြန်မာစစ်တပ်နှင့် စစ်ကောင်စီလော်ဘီများကလည်း AA က ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော ဝါဒဖြန့် မှုများကို တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ဝါဒဖြန့်လျက်ရှိပြီး အဆိုပါ ဝါဒဖြန့်မှုများတွင် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ ၏ ဗီဒီယိုများနှင့် ပြောဆိုချက်များကိုပါ ကိုးကားအသုံးပြုလာသည်ကို တွေ့ရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article