25 C
Yangon

နိုင်ငံတစ်ဝန်းမှ လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် အဓမ္မ ဆင့်ခေါ်ရာတွင် ပျက်ကွက်သူများအားလုံးကို စစ်ကောင်စီက အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မေ ၂၁

မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအကျပ် အဓမ္မ ဆင့်ခေါ်လျက်ရှိပြီး ပျက်ကွက်သူများအားလုံးကို အရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်သူစစ်မှုထမ်းအပတ်စဉ် ၂ ခုကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အပါတ်စဉ် ၃ ကို လျာထားချက်ပြည့်မီစွာဖြင့် ဖွင့်လှစ်နိုင်ရေးကြိုတင်စီမံဆောင်ရွက်ထားကြရန် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက အတင်းအကျပ် လုပ်ဆောင်နေသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ စတုတ္ထမူကြမ်းအဆင့်သို့ ရောက်ရှိနေပြီး ထပ်မံဖြည့်စွက်ရေးဆွဲနေကြောင်း၊ နည်းဥပဒေကို ထပ်မံ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှတစ်ဆင့် စစ်ကောင်စီအစည်းအဝေးထံသို့ တင်ပြပြီး အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဝါဒဖြန့် လက်ကမ်းစာစောင် ၆၈၆၂၅၀ စောင်ကို ဖြန့်ဝေပေးခဲ့ပြီး စစ်တပ်၏ ဝါဒဖြန့် မီဒီယာများမှလည်း ထုတ်လွှင့်မှုလည်းရှိကြောင်း ၊ Mobile Operator (၄) ခုမှတစ်ဆင့် Short Message Service (SMS) အစောင်ရေ ၂၆၂ ဒသမ ၁၉ သန်း ပေးပို့ခဲ့ကြောင်း၊ ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များအတွက် ဥပဒေပုဒ်မ-၂၂ နှင့် ၁၅(က)တွင် ပါရှိသည့် သတ်မှတ်ချက်များနှင့် ထုတ်ပြန်ချက်များကို Mobile Operator ၄ ခုမှတစ်ဆင့် SMS အစောင်ရေ ၁၃၃ သန်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article