25 C
Yangon

စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေ

Must read

စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေ

ရန်ကုန်| မေ ၂၆

ရခိုင်ပြည် စစ်တွေမြို့တွင် ဧပြီလနှင့် မေလအတွင်း ဒေသခံများပြည်သူများ ရာနှင့်ချီဖမ်းဆီးခံနေရပြီး အများစုမှာ မြို့ခံမှတ်ပုံတင် ကိုင်ဆောင်ထားသူများ မဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဧည့်စာရင်းအကြောင်းပြ၍ မသင်္ကာဟုဆိုကာ ဒေသခံများကို ဖမ်းဆီးနေပြီး ဧပြီလနှင့် မေလအတွင်းမှာ လူ ၃၀၀ ထက်မနည်း ဖမ်းဆီးခံထားရသည်။

ဖမ်းဆီးခံရသူများအနက်မှ ၂၀၀ ခန့်မှာ မြို့ခံမှတ်ပုံတင် ကိုင်ဆောင်ထားသူများမဟုတ်ကြောင်းနှင့် ၎င်းတို့ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် တိုင်ကြားမှုကြောင့် စစ်တပ်က နေအိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ည ၈ နာရီလောက်ဆို သူတို့ (စစ်ကောင်စီတပ်သား) စထွက်တယ်။ ကားတွေနဲ့ ကင်းလှည့်တယ်။ ရပ်ကွက်အလိုက်ဝင်စစ်တယ်။ ဘုန်းတော်ကြီးကျောင်းတွေ ဝင်တယ်။ သူတို့ဝင်တဲ့ရပ်ကွက်ဆို အဖမ်းမခံရတာ မရှိဘူး။ အဓိက မြို့ခံမှတ်ပုံတင် မကိုင်ထားတဲ့သူဆိုရင် အဖမ်းခံရတာပဲ။ မေလ ၁၅ ရက်နေ့ကဆို အဖမ်းခံရတာ ၄၀ လောက်အထိ ရှိမယ်။ ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော အရပ်သားများမှာ စစ်တွေမြို့သို့ အနယ်နယ်အရပ်အရပ်က အလုပ်လာလုပ်သော သူများနှင့် ပန်းရံလုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့အားလုံးမှာ နေစရာအခက်အခဲရှိ၍ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေကြခြင်းဖြစ်သည်။

” ကျနော်နဲ့ အတူတူ လုပ်နေတဲ့တစ်ယောက် အဖမ်းခံရတယ်။ သူကတော့ ရွာပြန်တော့မယ် ပြောနေတာ။ ကျောင်းထိုင်ဆရာတော်က သူအာမခံပေးမယ်လို့ပြောတာနဲ့ မပြန်ဖြစ်ဘဲရှိနေတာ အဖမ်းခံလိုက်ရတယ်။ အခုလိုတွေသာ လိုက်ဖမ်းနေတော့ ဒီမှာနေရတာ ဘယ်လိုမှ မလုံခြုံတော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီ ဝင်မွှေနေသော စစ်တွေမြို့မှ ရပ်ကွက်များမှာ ရွာသာယာ၊ မြောက်စံပြ၊ အုန်းတပင်၊ ရွာကြီးမြောက်နှင့် ကယ်ဆယ်ရေးရပ်ကွက်တို့ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများအားလုံးကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်ကောင်စီ ဖမ်းဆီးထားသူများထဲတွင် AA နှင့်လုံးဝ ဆက်စပ်မှုမရှိသူ အများစုပါဝင်ကာ စစ်ကောင်စီက ငွေတောင်း၍ လွှတ်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article