25 C
Yangon

ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၃၁

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငဖဲမြို့နယ် ကပစ-၁၄ ဂိတ်ကင်းစခန်းကို လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Chin Defence Force – Asho တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” ပစ်ခတ် တိုက်ခိုက်မှု အပိုင်းမှာတော့ ကျွန်တော်တို့က နေရာကို ကြိုတင်ယူထားတယ်။ သူတို့ ကင်းနေရာကို လာတဲ့ အချိန်မှာ ကျွန်တော်တို့ လက်နက်ချဖို့ပြောတယ်။ ပြောပေမယ့်လည်း မချတဲ့ အပြင် မောင်းတင်ဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ အနီးကပ်ပဲ သေနတ်ကိုင်ထားတဲ့ ၁ ဦးကိုတော့ ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ သေနတ်မကိုင်ဘဲ နောက်ကနေပါလာတဲ့ စာရွက်စာတန်းကိုင်တဲ့ သူကတော့ မလှမ်းမကမ်းမှာရှိတဲ့ အတွက် ထွက်ပြေးဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ပစ်ခတ်မှု လုပ်ခဲ့ပါတယ်။ ပစ်ခတ်မှု လုပ်တဲ့အချိန်မှာတော့ ထိခိုက်ဒဏ်ရာတော့ ရရှိတယ်။ ဒါပေမယ့် သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး။ သေနတ်ကိုင်ထားတဲ့ ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတဲ့ အတွက်ကြောင့်မို့လို့ သူ့ဆီက သေနတ်ကို ယူဆောင်လာနိုင်တာဖြစ်ပါတယ်။ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့တော့ အတည်ပြုလို့ရပါတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်း၊ ယင်းဂိတ်စခန်းနှင့် ၁၇၀ မီတာ အကွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် တပ်စခန်းရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဂိတ်စခန်း၌ စစ်ကောင်စီ တပ်သားများ ပြန်လည် တပ်စွဲထားကြောင်း၊ အရပ်ဝတ်ဖြင့် စခန်းအတွင်းမှ ထွက်လာသော လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် စစ်ကောင်စီ တပ်သား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ဆက်လက် ပြောဆိုသည်။

ယင်းကင်းစခန်းကို တိုက်ခိုက်ရခြင်းသည် ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စု ကျေးရွာများကို ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article