25 C
Yangon

ကုလဂလုံခြုံရေးကောင်စီက မြန်မာ့အခြေအနေကို နိုင်ငံတကာရာဇဝတ် ခုံရုံးICCသို့ လွှဲပြောင်းပြီး ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်စီရင်ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

Must read

ကုလဂလုံခြုံရေးကောင်စီက မြန်မာ့အခြေအနေကို နိုင်ငံတကာရာဇဝတ် ခုံရုံးICCသို့ လွှဲပြောင်းပြီး ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်စီရင်ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

ရန်ကုန်၊ မေ ၃၁

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ် ခုံရုံးICCသို့ လွှဲပြောင်းပြီး ပြစ်မှုကျူးလွန်သူများကို တရားဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆိုလိုက်သည်။

မေလ ၂၉ ရက်နေ့ မြန်မာအရေးကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-formula အစည်းအဝေး (UNSC Arria-formula Meeting on Myanmar) ကို လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့စဉ် ၎င်း က အထက်ပါတိုင်းပြောဆိုလုက်ခြင်းဖြစ်သည်။

မြန်မာ အာဏာသိမ်းစစ်တပ်အနေဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များနှင့် စစ်ရာဇဝတ်မှုများအပါအဝင် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ ပြည်သူများ အသက်ကယ်တင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ရန် ထိရောက် သော လုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းဖြင့် ယင်းသို့သော အပြုအမူများကို လုံးဝ လက်မခံကြောင်း ပြသရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

စစ်တပ်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရန် အစွမ်းကုန် အားထုတ်သင့်ကြောင်း၊ စစ်တပ်မှ ကျင့်သုံးနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မဖြစ်မနေ ချုပ်ငြိမ်းစေရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းတင်သွင်းကာ ပြစ်မှုကျူးလွန်သူများကို တရားဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ချမှတ်သင့်ကြောင်း သံအမတ်ကြီးက တင်ပြပြောဆိုသည်။

မကွေးတိုင်းဒေသကြီး၌ လူငယ် ၂ ဦကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များ ပေးအပ်ရန် IIMM မှ မေလ ၂၇ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ တောင်းဆိုချက်အား ကြိုဆိုပါကြောင်း၊ ယင်းမှာ စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများဆိုင်ရာ သက်သေအထောက်အထား စုဆောင်းရေးနှင့် စစ်တပ်၏ ပြစ်ဒဏ် ကင်းလွတ်ခွင့်စက်ဝန်းအား ပြတ်တောက်သွားစေရေးအတွက် အပြုသဘောဆောင်သည့် အရွေ့ဖြစ်ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြေဆိုသည်။

မြန်မာအရေးကိစ္စ ယနေ့အချိန်အထိ ကြန့်ကြာနေခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာအရေးကိစ္စကို အပိုင်းပိုင်းခွဲ၍ ချဉ်းကပ်ခြင်းထက် ထောင့်ပေါင်းစုံမှ ခြုံငုံ ချဉ်းကပ် ခြင်းဖြင့် ဖြေရှင်းရန် လိုအပ်သည်မှာ ထင်ရှားကြောင်း၊

မြန်မာအရေးကိစ္စသည် ဒေသတွင်းနှင့် အခြားနေရာဒေသများသို့ပါ စိမ့်ဝင် လျက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တက်ကြွစွာ ထိတွေ့ဆက်ဆံရမည် ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင်လည်း မြန်မာပြည်သူများ၏ မျှော်မှန်းချက် အပေါ် အခြေခံရန် လိုအပ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အဆို ၂၆၆၉ (၂၀၂၂) တို့ကို အကောင်အထည်ဖော်ဆောင်ခြင်းဆိုင်ရာ တိုးတက်မှု တစ်စုံတစ်ရာ မရှိသော်ငြား အာဆီယံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှ မြန်မာအရေးကိစ္စအား ဖြေရှင်းပေးရန် လုပ်ဆောင်ခဲ့သည့် အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

နိုင်ငံတကာက ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် 5PC နှင့် UNSCR 2669 တို့အား အကောင်အထည်ဖော်ဆောင်မှု မရှိသည့် အချက်ကို ကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီနှင့် အာဆီယံတို့အနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင် ရမည့် အချိန်အခါ ကျသင့်နေပြီဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေး ကိစ္စအတွက် အာဏာသက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစ်ခု ထပ်မံအတည်ပြုချမှတ် ခြင်းအားဖြင့် အာဆီယံ၏ လုပ်ငန်းများကို အားဖြည့်ပေးသင့်ကြောင်း၊ ဤနည်းလမ်းမှာ ပြည်သူများ၏ အသက်များကို ကယ်တင်၊ ကာကွယ်ပေးနိုင်မည့် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အကြံပြုကြသည်။

မြန်မာနိုင်ငံအနေဖြင့် မစ္စ ဂျူလီဘစ်ရှ်ရှော့ အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် ကြိုဆိုပါကြောင်းနှင့် ၎င်းနှင့် အတူ မြန်မာနိုင်ငံအရေးကိစ္စအား ရေရှည်တည်တံ့မည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပူးပေါင်းရှာဖွေသွားမည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်လစားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့အကြား ကျယ်ကျယ်ပြန့်ပြန့်နှင့် အဓိပ္ပါယ်ရှိရှိ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ပြန်လည်ရယူနိုင် မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးပင်ဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

အာဆီယံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့ အနေဖြင့် မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ် ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်၊ မြန်မာလူငယ်များ၏ အနာဂတ်၊ မြန်မာပြည်သူများ၏ အနာဂတ် ပြန်လည်ရယူပေးနိုင်ရန် လူခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု မလွဲမသွေ လိုအပ်နေသည်မှာ လွန်စွာ ထင်ရှားပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article