စစ်တွေမြို့ ဗျိုင်းဖြူရွာအနီး မင်းဂင်းတောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်| ဇွန် ၁
ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအနီးက မင်းဂင်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
မင်းဂင်းတောကျေးရွာမှာ ရွာသစ်နှင့် ရွာဟောင်း နှစ်ခုရှိပြီး နှစ်ရွာပေါင်း အိမ်ခြေ တစ်ထောင်ခန့်ရှိကာ စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့နေ၍ စစ်တွေမြို့နှင့် ဘေးကင်းရာနေရာများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ရွာသားတစ်ဦးက ပြောသည်။
” စစ်ကောင်စီတပ်သားတွေက ညနေ ၅ နာရီလောက်မှာ ဗျိုင်းဖြူရွာကနေလာပြီး မီးရှို့နေပါတယ်။ တော်တော်များများလောင်နေတာပါ။ ရွာမှာ လူမရှိကြတော့ဘူး။ ဘာကြောင့် မီးရှို့တယ်ဆိုတာ မသိရဘူး။ ရွာကလူတွေ အကုန်နီးပါးက စစ်တွေမြို့နဲ့ တခြားရွာတွေကို ထွက်ပြေးကုန်ကြပြီ။ ” ဟု ပြောသည်။
ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်သားများက မေလ ၂၉ ရက်နေ့က ဝင်ရောက်လာပြီး လူငယ်၊ လူလတ်ပိုင်း အမျိုးသားများအားလုံးကို ဖမ်းဆီးကာ ကျေးရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။
ထိုစစ်ကောင်စီတပ်သားများက မင်းဂင်းတောကျေးရွာကို ဝင်ရောက် အကြမ်း ဖက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အခြားသော မျက်မြင်ဒေသခံများကလည်း ပြောဆိုကြသည်။
စစ်ကောင်စီတပ်သားများ မီးရှို့နေစဉ် မင်းဂင်းတောရွာသားများမှာ ထွက်ပြေးနေရ၍ အိမ်ခြေ မည်မျှ မီးလောင်းကျွမ်းသွားသည်ကို အတိအကျ မသိခဲ့ရကြောင်းနှင့် မျက်မြင်တစ်ဦးက အိမ်ခြေရာနှင့်ချီ လောင်းကျွမ်းသွားပြီဟု ခန့်မှန်းပြောသည်။
” မီးတောက်က တော်တော်လေးကို များတယ်။ ရွာသစ်ရွာဟောင်း နှစ်ခုလုံးမှာ လောင်နေတာဆိုတော့ အိမ်ခြေကတော့ ရာနှင့်ချီ လောင်းကျွမ်းမှာဖြစ်တယ်။ စစ်တွေမြို့အနီးမှာ AA တပ်သားတွေ ရှိမယ်အထင်နဲ့ အပြစ်မဲ့ရွာသားတွေကို ကျေးရွာအတွင်းက အတင်းအဓမ္မနှင်းထုတ် မတရားဖမ်းဆီး သတ်ဖြတ်နေတယ်။ ” ဟု ပြောသည်။
ရခိုင်မြောက်ပိုင်းဒေသတွင် မောင်တောနှင့် စစ်တွေမြို့ နှစ်ခုသာ ကျန်ရှိတော့ပြီး ကျန်မြို့အားလုံးမှာ AA ထံ လက်လွှတ်ဆုံးရှုံးထားရသည်။
မောင်တောမြို့ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မကြာခင်မှာ လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်၍ မြို့တော်စစ်တွေမြို့ကို ထိုးစစ်ဆင်မတိုက်ခိုက်မီ အနီးအနားကျေးရွာများကို အင်အားအများအပြားသုံးကာ AA တပ်ဖွဲ့ဝင်များ ခိုလှုံနေထိုင်မည်ကို စိုးရိမ်၍ စစ်ကောင်စီသည် အပြစ်မဲ့ရွာသားများကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာများအား မီးရှို့နေခြင်းဖြစ်သည်။
မင်းဂင်းတောရွာအနီး ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ၄၁ ဦးကို စစ်ကောင်စီက မတရားသတ်ဖြတ်ပြီး ရာနှင့်ချီ လူငယ်၊ လူလတ်ပိုင်းကို ဖမ်းဆီးထားဆဲဖြစ်သည်။
ဓာတ်ပုံ- မေလ ၉ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် နေအိမ် အဆောက် အအုံများ မီးလောင်ပျက်စီးနေစဉ်။
