25 C
Yangon

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ

Must read

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၂

မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက် ကြောင်း ရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က လုပ်ဆောင်နေကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပထမ ၄ လပတ်အတွင်း မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုများကို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသားများက ဒုတိယအများဆုံး ကွန်ဒိုဝယ်သူများ ဖြစ်လာသည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့ကြောင်း၊ ထိုသို့ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ဒုတိယအများဆုံး ကွန်ဒိုအခန်းဝယ်ယူသူများဖြစ်လာမှုအပေါ် စုံစမ်းစစ်ဆေးရန် တွေ့ရှိချက်များကို တင်ပြရန် ပြည်ထဲရေးဝန်ကြီးဌာနက စသုံးလုံးကို ညွှန်ကြားလာကြောင်း သိရှိရသည်။

“ဘယ်ကဝင်ငွေတွေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ထုတ်ပြီး ကွန်ဒိုတွေ ဝယ်သွားလဲ။ နောက်တစ်ခါ ဒီငွေတွေက အခွန်ဆောင်ထားတာရှိ၊ မရှိ ၊ ဘယ်လိုလူမျိုးတွေက ဝယ်ကြလဲ ဆိုတာကို စသုံးလုံးက စုံစမ်းစစ်ဆေးတင်ပြဖို့ ညွှန်ကြားချက်ရှိပါတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စသုံးလုံးဌာနက ၎င်းတို့ စုံစမ်းရရှိသော ကွန်ဒိုဝယ်ယူသူများစာရင်းအတိုင်း ခေါ်ယူမေးမြန်းမှုများ၊ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ဘန်ကောက်တွင် ကွန်ဒိုဝယ်ယူသူတချို့ စုံစမ်းမေးမြန်းခံနေရကြောင်း သိရှိရသည်။

ယခင်က ထိုင်းအိမ်ခြံမြေစျေးကွက်တွင် ရုရှားလူမျိုးများက ဒုတိယအများဆုံး ကွန်ဒိုဝယ်ယူသူများဖြစ်ခဲ့ရာမှ ယခုနှစ် လေးလပတ်အတွင်း ရုရှားများ၏ နေရာတွင် မြန်မာနိုင်ငံသားများ ဒုတိယအဖြစ် အစားထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများက ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများက ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း စုစုပေါင်း ထိုင်းဘတ်ငွေတန်ဖိုး ၁၈ ဒသမ ၀၂ ဘီလီယံဖိုး ဝယ်ယူခဲ့ကြကြောင်း၊ နိုင်ငံခြားသားများ၏ ကွန်ဒို ဝယ်ယူမှုသည် ယမန် နှစ်ထက် အခန်းပေါင်း ၄ ဒသမ ၃ ရာခိုင်နှုန်း ပိုမို ဝယ်ယူလာပြီး ဝယ်ယူမှုတန်ဖိုးမှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ပထမ ၄ လပတ်အတွင်း တရုတ်နိုင်ငံသားများက ထိုင်းကွန်ဒို ၁၅၉၆ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၄ ဒသမ ၅၇ ဘီလီယံ ဝယ်ယူပြီး ထိုင်းကွန်ဒို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် ပထမနေရာကိုလည်းကောင်း၊ မြန်မာနိုင်ငံသားများက ဒုတိယနေရာကိုလည်းကောင်း၊ ဘတ် ၉၂၄ သန်းတန်ဖိုးရှိ ကွန်ဒိုအခန်း ၂၉၅ ခု ဝယ်ယူသည့် ရုရှားနိုင်ငံသားများ တတိယနေရာကိုလည်း ကောင်း အသီးသီး ရရှိထားကြောင်း သိရှိရသည်။

ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၄၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများက ဝယ်ယူနေကြပြီး မြန်မာနိုင်ငံသားများက ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူနေကြကြောင်း၊ ရုရှားဝယ်လက်များကမူ ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၅ ရာခိုင်နှုန်းကို ဝယ်ယူထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article